ဤတွင် ဆက်လက်၍ မျက်မှောက်ခေတ် 'ဒေယိုဘန်' အာရဗီသိပ္ပံကျောင်းဆင်း အိုလမာသာသနာ့ ပညာရှင် အပေါင်း၏ အဓိပတိလည်း ဖြစ်၍၊ ၎င်းတက္ကသိုလ်ကြီးကို တည်ထောင်ခဲ့သူ အရှင်သူမြတ်လည်း ဖြစ်သော ဟဇရသ် မောင်ဝ်လာနာ မူဟမ္မဒ်ကာဆင်မ် နာနူသဝီ ဆွာဟိဘ် (ရဟ်မသွလ်လာ) (ဟစ်ဂျရီ ၁၂၉၇ လွန်) ရေးသား ဖော်ပြခဲ့သော အဆိုအမိန့်ကိုလည်း ရှုစားစေလိုပါသည်။ ထိုအရှင်သူမြတ်ကြီး က
''နဗီတမန်တော်များမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်အာဏာများကို ပေးအပ် ခြင်းခံရသူများ ဖြစ်ကြသောကြောင့် ဘုရင်ခံစသူတို့ပမာ အလ္လာဟ်၏ ကျေးဇူး တော်ခံ စော်ဘွား စော်ခံများ ဖြစ်ကြလေသည်။ သို့ဖြစ်ရာ 'နဗီ' တမန်တော်များမှာ အုပ်ချုပ်သူ အာဏာရှိအဖြစ်သို့ ရောက်ရှိထိုက်ပေသည်။ သို့ကြောင့် စည်းမျဉ်းခံ ရာထူးဌာနန္တရတို့တွင် အားလုံး၏ အထက်၌ ဘုရင်ခံ သို့မဟုတ် ဝန်ကြီးချုပ်၏ ရာထူးတွင် ရှိကြရပေသည်။ သို့ဖြင့် အခြားသော ရာထူးဟူသမျှတို့မှာ ၎င်း၏ လက်အောက်ရှိ စည်းမျဉ်းခံများသာ ဖြစ်ချေသည်။ ၎င်းမှာ အခြားသူတို့၏ အမိန့်အာဏာများကို ကျော်လွှား ဖျက်ပယ် နိုင်သော်လည်း ၎င်း၏အမိန့်အာဏာကိုမူ အခြား (အဆင့်နိမ့်) သူတို့က မချိုးဖောက်နိုင်ချေ။ အကြောင်းမူ ၎င်း(ဘုရင်ခံ) သည် ရာထူးဌနန္တရ ဂုဏ်ဒြပ် အဆင့်အတန်းတို့၏ 'အချုပ်' ဖြစ်သောကြောင့်တည်း။ ဤကဲ့သို့ပင် 'ခါတမ်' သည် လည်း 'နဗူဝသ်' တမန်တော်ဖြစ်ခြင်း၏ ဂုဏ်အဆင့်များတွင် အထက်ဆုံး အဆင့်တွင်ရှိပြီး ၎င်း၏ အပေါ်တွင် အခြားမည်သည့် ဂုဏ်အဆင့်မျှ မရှိတော့ချေ။ ရှိရှိသမျှသော ရာထူးဌာနန္တရ ဂုဏ်ဒြပ်အဆင့်ဆင့်တို့မှာလည်း ၎င်း၏ လက်အောက် စည်းမျဉ်းခံ အဖြစ်ဖြင့်သာ ရှိပေတော့သည်။ (မိုဘာဟေဆာဟ်၊ ရှာဟ်ဂျဟန်ပူရ်။ စာ ၂၄၊ ၂၅)
ဆိုလိုသည်မှာ 'နဗီ' တမန်တော်တို့ဟူသည် ဘုရင်ခံများ၊ ပဒေသရာဇ် ဘုရင်များနှယ် ဖြစ်၏။ 'ခါတမန်နဗီယီးန်' ဟူသည်မှာ 'ဧကရာဇ်မင်းမြတ်သို့နှယ် ဖြစ်ပေသတည်း။''
ခါတမီယသ်သည်ခေတ်ကာလတည်းဟူသောအကန့်အသတ်မှ လွတ်ကင်း၏။
အထက်တွင် ဖော်ပြခဲ့လေသမျှတို့၌ အနှစ်သာရရှိသော ပြီးပြည့်စုံခြင်းနှင့် အနှစ်သာရရှိသော ဆုံးခန်းတိုင်ခြင်းတို့ကိုသာ ဖော်ပြခဲ့ပေသည်။ ခေတ်ကာလ အပိုင်း အခြားတစ်ခု၌ အဆုံးသတ်ရခြင်းမျိုးကို ဖော်ပြထားခြင်း မရှိချေ။ ထိုမှတစ်ပါး ရှေးသာသနာ့ပညာရှင် အဆူဆူတို့ကလည်း 'ခါတမီယသ်' ၏ အနက်အဓိပ္ပါယ်တွင် 'လှပ တင့်တယ်ခန့်ညားခြင်းနှင့် လက်စွပ်' ဟူသော အနက်မျိုးဖြင့် လည်းကောင်း၊ 'တံဆိပ်ပုံ' အားဖြင့် ထောက်ခံအတည်ပြုချက်ကို ဖြစ်စေသော အဓိပ္ပါယ်ကို ဆောင်စေ၍ ''ကောင်း ချီးမင်္ဂလာ အဖြာဖြာကို လက်ဆင့်ကမ်း ပေးဝေဖြန့်ချိသူဟူသော အဓိပ္ပါယ်သဘောမျိုးဖြင့် လည်းကောင်း ဖွင့်ဆိုဖော်ပြခဲ့ကြလေသည်။ သို့ဖြစ်ရာ ကိုယ်တော်မြတ်သည် အခြား တစ်ပါးသော 'ဖသွီလသ်' မြင့်မြတ်သော ရာထူး၊ ဘွဲ့ထူးများကိုပင် အတည်ပြု ထောက်ခံရပေသော 'မူဆွက်ဒီက်' ကြီးအဖြစ်ကိုခံယူရပေတော့သည်။ (ကုရ်အာန် ၃၇ း ၃၈ ညွှန်းပြီး)
ဤအကြောင်းချင်းရာကိုပင် အဟ်မဒ်သခင်ကြီး(အဟ်မဒီယာမွတ်စလင်အဖွဲ့အားတည်ထောင်သူအရှင်သူမြတ်) က၊ တမန်တော်မြတ်ကြီး (ဆွ) အား ရှေးအဆက်ဆက်က ပွင့်ပေါ်ခဲ့ကြလေသမျှသော တမန်တော်များအပေါ် ကျေးဇူးပြုတော်မူခဲ့သူအဖြစ် ရှင်းပြဖွင့်ဆိုခဲ့ရုံသာမက 'ခါတမီယသ်' မှာ (Time) ခေတ်ကာလအပိုင်းအခြားတို့ဖြင့် ဘောင်ခတ်၍မရစကောင်း၊ အချိန် အတိုင်းအတာ အခါသမယတို့မှ လွတ်ကင်းလျက် ရှိနေကြောင်းနှင့် ရှေ့ပိုင်းတွင် ကျွနု်ပ်တို့ တင်ပြခဲ့ပြီး ဖြစ်သကဲ့သို့ (Space) ဟင်းလင်းပြင်၊ နေရာဌာနနှင့်လည်း ဘောင်ခတ်၍ မရကြောင်း။ တစ်နည်းဆိုသော 'ခါတမီယသ်'မှာ 'အနန္တစကြဝဠာသဘောကို ဆောင်နေ ကြောင်းကို ရှင်းပြထားခဲ့ပါသည်။ ဤသို့သော ရှုကွက်မျိုးဖြင့် ဟဇရသ် အဟ်မဒ်(အ)၏ အောက်ပါ ရှင်းလင်းဖွင့်ဆိုချက်ကို ရှုစားစေလိုပါသည်။ သခင်ကြီး လင်းပြထားခဲ့သည်မှာ -
''နောင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ တမန်တော်မြတ်ကြီး(ဆွ) ထံတော်မှ မည်သို့သော 'ဖိုက်ဇ်' ကောင်းခြင်းတစ်စုံတစ်ရာကိုမှ မရရှိနိုင်တော့ချေဟူသော သဘောမျိုးဖြင့် ကိုယ်တော်မြတ်ကြီးသည် 'ခါတမုလ်အန်ဗေ့ယာ' ဖြစ်ရသည်မဟုတ်ချေ။ သို့သော်လည်း တမန် တော်မြတ်ကြီးမှာ 'ဆွာဟေဘေ့ခါတမ်' အကြီးအမှူးချုပ် ပုဂ္ဂိုလ် ဖြစ်၏။ သူ (တမန်တော်မြတ်)၏ တံဆိပ်(ခတ်နှိပ်ချက်) မပါမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှပင် မည်သည့်ကောင်းခြင်း တစ်စုံတစ် ရာကိုမျှ ရရှိနိုင်မည်မဟုတ်ဟူသော အဓိပ္ပာယ်သဘောမျိုးဖြင့်သာ ဖြစ်၏။ သို့ဖြစ်ရာ ကိုယ်တော်မြတ်၏ 'အွမ္မသ်' အမျိုးသား တို့အဖို့ရာ အလ္လာဟ်အ ရှင်မြတ်နှင့် 'မူကာလီမာ၊ မူခါသေဘဟ်' (ဖူးမြင်နိုင်ခြင်း၊ ဗျာဒိတ်ရခြင်း) တံခါးသည်ကား၊ ဘယ်သောအခါမှ၊ ပိတ်မည်မဟုတ်ချေ။ ထို့ပြင် တမန်တော်မြတ်ကြီးမှ တစ်ပါး မည်သည့်နဗီ တမန်တော်မျှ 'ဆွာဟေဘေခါတမ်' အကြီးအမှူးချုပ်ပုဂ္ဂိုလ်အဖြစ်ကို မရရှိနိုင်တော့ချေ။ (သို့ရာတွင်) အကြင် တံဆိပ်ရိုက် ထောက်ခံချက်ပါရှိခြင်းအားဖြင့် ဤသို့သော 'နဗူဝသ်' တစ်မျိုးကို ရရှိနိုင်သေး၏။ ၎င်းကို ရရှိရန် 'အွမ္မတီ' မဟာတမန်တော်၏ တပည့်ရင်းဖြစ်ရန် မဖြစ်မနေ လိုအပ်ပေသတည်း။ " (ဟကီကတုလ်ဝဟီကျမ်း၊ စာ ၂၇ - ၂၈)
အခြားတစ်နေရာတွင် လင်းပြပြန်၏။ ''ကျွနု်ပ်သည် ထိုအရှင်မြတ်၏ တမန်တော် (ဆိုလိုသည်မှာ ဟဇရသ်မူဟမ္မဒ်မုစ်တဖာ ဆွလ္လလ္လာဟု အလိုင်းဟေးဝါအား လိဟီဝါ ဆလ္လမ်) အား ဖြူစင်ဖြောင့်မတ်သော စိတ်နှလုံးသားဖြင့် သက်ဝင် ယုံကြည်ပါ၏။ ထို့ပြင် အလုံးစုံသော 'နဗူဝသ်' တမန်တော် ဖြစ်ခြင်းတို့မှာ ကိုယ်တော်မြတ်တွင် 'ခါတမ်' ဆုံးခန်းတိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ကိုယ်တော်မြတ်၏ 'ရှရီအသ်' ဓမ္မဥပဒေသမှာလည်း 'ခါတမုလ်ရှရီအသ်' ဖြစ်ကြောင်းတို့ကိုလည်း နားလည်ထားပါ၏။ သို့စေတငြား တစ်မျိုးသော နဗူဝသ်မှာ မကုန်သေးချေ။ ဆိုလိုသည်မှာ-တမန်တော်မြတ်ကြီး၏ ဆီမီးအိမ်မှ 'နူရ်' အလင်းကို ညှိယူပြီး၊ ကိုယ်တော်မြတ်၏ နောက်သို့ အပြည့်အဝနာခံ၊ လိုက်နာ ခြင်းအားဖြင့် ရရှိသော 'နဗူဝသ်' မှာ မကုန်သေးချေ။ အကြောင်းမူ ၎င်းမှာ 'မူဟမ္မဒီနဗူဝသ်' ဖြစ်သည့်အပြင်၊ သူ၏ ရောင်ပြန်ပုံရိပ်နှင့် သူ့ကို အကြောင်းခံခြင်းဖြင့် ပေါ်ထွန်းလာခဲ့ရသောကြောင့်တည်း။ ထို့ပြင် သူ၏အလင်းကို ရောင်ပြန်ဟပ်ရာနှင့် သူ၏ ကျေးဇူးခံသာ ဖြစ်ပေ၏။ " (ကျရှ်မာ-အေ-မာအ်ရီဖသ်ကျမ်း၊ စာ ၃၂၄။)
ဤမျှသာမကသေးဘဲ ဟဇရသ်အဟ်မဒ်သခင်ကြီးက အခြားတစ်နေရာတွင်လည်း ဤသို့ဖွင့်ဆို လင်းပြခဲ့ပြန်ပါ၏။
''လွန်လေခဲ့ပြီးသော တမန်တော်အပေါင်းတို့မှာ တမန် တော်မြတ်ကြီး၏ 'တံဆိပ်တော်' (ဝါ) 'ခါတမေနဗူဝသ်' ၏ ကျေးဇူးခံများသာ ဖြစ်ကြလေသည်။ ထို 'တံဆိပ်တော်' ကြောင့်သာ ၎င်းတမန်တော်တို့မှာ မှန်ကန်ကြောင်း အထောက်အခံကို ရရှိခဲ့ကြရလေသည်။ အကယ်၍ တမန်တော်မြတ်ကြီးကသာ ခပ်သိမ်း သော တမန်တော်တို့ကို မှန်ကန်ကြောင်း ထောက်ခံ၍ အတည်မပြု ပေးခဲ့ပါလျှင် ကျွနု်ပ်တို့သည် ထိုတမန်တော်တို့အား အမှန်အကန် များဟု လက်ခံယုံကြည်ကြသူများအဖြစ်ကို အလျင်းရနိုင်စရာ အကြောင်း မရှိပါ။ ဤသည်မှာ မဟာတမန်တော်မြတ်၏ ကျေးဇူး တရားသက်သက်သာဖြစ်၏။ ထိုမှတစ်ပါး ကိုယ်တော်မြတ် ကြီးသည် လွန်ခဲ့သော တမန်တော်အပေါင်းကိုမျှသာ မဟုတ်မူဘဲ ကမ္ဘာအနံှ့ နေရာအသီးသီး၊ ဌာနအစုံစုံတို့တွင် ပွင့်ပေါ်ခဲ့လေသမျှ သော 'နဗီ' တမန်တော် အဆူဆူတို့အား မှန်ကန်ကြောင်း အတည်ပြု ပေးခြင်းအားဖြင့် ကိုယ်တော်မြတ်သည် ထိုတမန်တော်တို့အပေါ် ကြီးကျယ်လှစွာသော ကျေးဇူးတော် အနန္တကို တင်ရှိစေတော်မူခဲ့လေသည်။ ကိုယ်တော်မြတ်၏ 'ခါတမီယသ်' မှ အကျိုးဆက်သည်ကား ခေတ်ကာလအားလျော်စွာ ရှေးဦးအတိတ်ကာလကိုလည်း ဖြန့်ကျက် ၍ အကျိုးပြုလျက်ရှိသလို နှောင်းပိုင်းအနာဂတ် ကာလများကိုလည်း အကျိုးသက်ရောက် စေလျက်ရှိနေပေသည်။ ထို့အပြင် နေရာဌာန (လူမျိုး၊ ဒေသ) အားဖြင့်လည်း ဘောင်ခတ်ကန့်သတ်ထားမှု တစ်စုံတစ်ရာမျှ မရှိချေ''
ယခုတစ်ဖန် ဟနဖီ၊ ဒေယိုဘန်ဒီနှင့် ဘရေလဝီ အစရှိသော ဂိုဏ်းဂဏ အသီးသီးနှင့် အဲဟ်လေ စွန္နသ်ဝလ် ဂျမာအသ်အစုဝင်အားလုံး တညီတညွတ်တည်း အလေးထား လက်ခံကြသော၊ ပုဂ္ဂိုလ်ကြီးဖြစ်သည့် 'ကုတူဘုလ် အက္ကတားဗ်၊ ဟဇရသ်အေမာမေရဗ္ဗာနီ၊ မူဂျဒီဒ် အလ်ဖ်-ဆာဏီ၊ ရှိတ်ခ် အဟ်မဒ် ဖာရူကီ၊ ဆရ်ဟင်ဒီ'' (ဟစ်ဂျရီ ၁ဝ၃၄ လွန်) ၏ ထံပါးတွင် ''ကိုယ်တော်မြတ်ကြီး(ဆွ)၏ 'ခါတမီယသ်' နှင့် စပ်လျဉ်း၍ မည်သို့သော အဓိပ္ပါယ်သဘော ကောက်ယူမှု ရှိခဲ့ကြောင်းကို ရှုစားကြစေလိုပါသည်။
''တမန်တော်ချုပ်ကြီး၊ ဟဇရသ်မူဟမ္မဒ် မုစ်တဖာ(ဆွ) ပွင့်ပေါ်ပြီး နောက် ကိုယ်တော်မြတ်ကြီးအား နောက်လိုက် နာခံသူ (တပည့်) တို့အနေနှင့် ကိုယ်တော်မြတ်အား လိုက်နာ၍ အမွေဆက်ခံသော အားဖြင့် 'နဗူဝသ်' တမန်တော်ဖြစ်ခြင်း၏ အလုံးစုံသော ဂုဏ်အဆင့် ကို ဆွတ်ခူးရယူခြင်း နှင့် ကိုယ်တော်မြတ် 'ခတမွလ်ရုဆူလ်' (တမန်တော်ချုပ်) ဖြစ်တော်မူခြင်းတို့တွင် ဝိရောဓိ မဖြစ်ချေ။ သို့ဖြစ်ရာ အို-အညွှန်းခံရသူ အသင်သည် သံသယဖြစ်သူတို့တွင် အဝင်အပါ မဖြစ်ပါစေလင့်။'' (မက္ကသူဘ်၊ အမှတ် ၃ဝ၁။ ပတွဲ၊ စာ - ၄၃၂)
ထို့နောက် ဟဇရသ် အေမာမ် ဘာကရ် ၏ အဆိုအမိန့် တစ်ရပ်ကိုလည်း ရှုစားတော်မူကြပါဦး။
ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၂-၃)
No comments:
Post a Comment