ထို့နောက်တစ်ဖန် 'ဆရ်သာဂျုလ်အောင်လေယာ' (ဝလီသူတော်စင်များ၏ ဦးသျှောင်) ဟူ၍၊ မွတ်စလင်တို့၏ အလေးထား အရေးပေးခြင်းခံရသော၊ အရှင်သူ မြတ်ဖြစ်သည့် ဟဇရသ်မောင်လာနာ ရူမီ ၏ အဆိုအမိန့်ကို ရှုစားလှည့်ပါဦး။
ဤသို့သော သဘောသကန်အားဖြင့် ကိုယ်တော်မြတ်(ဆွ)အား ရရှိသော 'ခါတမီယသ်' မှာ ရှေးအဆက်ဆက်က ပွင့်ခဲ့လေသမျှသော တမန်တော်များကိုလည်း အကျိုးသက်ရောက်စေမှုကို ပြုပေးသည့်နည်းတူ ကမ္ဘာ့နောက်ဆုံးနေ့များ တိုင်သည်အထိ ပေါ်ထွန်းမည့် ပုဂ္ဂိုလ်ဟူသမျှကိုလည်း မိမိ၏ ကောင်းချီးမင်္ဂလာများမှ ဝေစုကို ဖြန့်ချိပေးလျက် ရှိနေပေသည်။ သို့ကြောင့် ကိုယ်တော်သခင်ကြီး(ဆွ)သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလကြီးသုံးပါးလုံးအတွက် အကြီးအမှူး နာယက ဖြစ်ရပေသတည်း။
သို့ကြောင့် ဟဇရသ်အဟ်မဒ်သခင်(အဟ်မဒီအဖွဲ့အားတည်ထောင်သူအရှင်သူမြတ်)က တမန်တော်မြတ် မူဟမ္မဒ်၏ 'အွမ္မသ်' များတွင် 'နဗူဝသ်' တမန်တော်စနစ်ရှိသေးကြောင်းကို ဤသို့သော အဓိပ္ပါယ် မျိုးဖြင့်သာ လက်ခံထားခြင်း ဖြစ်ပါသည်။
''မိမိတို့၏ တမန်တော်မြတ်(ဆွ)ကို တိကျပြည့်စုံသော လိုက်နာမှု မရှိမူဘဲ မည်သည့်ဂုဏ်ဒြပ် အဆင့်အတန်းနှင့် ကုံလုံပြည့်ဝမှု တစ်စုံ တစ်ရာကိုသော်လည်းကောင်း၊ မည်သည့်ဌာနန္တရ ဂုဏ်ကျက်သရေ နှင့် အပါးတော်နီးစပ်ခွင့် တစ်စုံတစ်ရာမျှကိုသော်လည်းကောင်း၊ ကျွနု်ပ်တို့အနေဖြင့် အလျင်းဆွတ်ခူးရရှိနိုင်လိမ့်မည် မဟုတ်ချေ။ ကျွနု်ပ်တို့အား ရရှိသမျှတို့မှာ 'ဇိလ္လီနှင့် သိုဖိုင်လီ' (ရောင်ပြန် ဟပ်ခြင်းနှင့် မှီခိုအားကိုးရခြင်း) သဘောဖြင့်သာ ရရှိခြင်း ဖြစ်ပေ သည်။'' (အီဇာလာဟ်၊ အောင်ဝ်ဟာမ်ကျမ်း၊ စာ ၁၃၈)။ ထို့နောက် အခြား တစ်နေရာတွင် ရှင်းပြပြန်သည်မှာ -
''အို--မသိမိုက်မဲသူများနှင့် စက္ခုနှစ်ကွင်းအလင်းမရသူတို့။ ကျွနု်ပ် တို့၏ နဗီတမန်တော်မြတ်လည်းဖြစ်၍ ကျွနု်ပ်တို့၏ ဦးစီးနာယက နှင့် ဆရာသခင်ကြီးလည်း ဖြစ်တော်မူသော (သခင့်အပေါ်သို့ အထောင်အသောင်းသော ငြိမ်းချမ်းခြင်း သက်ရောက် ပါစေသော်) အရှင်သူမြတ်သည် မိမိ၏ ဂုဏ်ဒြပ်တိုးတက်မြင့်မားမှုများအား လျော်စွာ နဗီတမန်တော်ခပ်သိမ်းကို ကျော်လွန်၍ ရှေ့ဆုံးတန်း သို့ ရောက်ရှိခဲ့လေပြီ။ အကြောင်းမူ လွန်လေပြီးသော နဗီတမန်တော်တို့၏ တိုးတက်မြင့်မားမှုများမှာ အကန့်အသတ်တစ်ခုသို့ ရောက်ရှိပြီး အဆုံးသတ်ခဲ့ပြီဖြစ်သောကြောင့်၊ ယခုအခါတွင် ထိုအမျိုးသားတို့နှင့် ထိုဘာသာတရားတို့မှာ အသက်မဲ့လျက်ရှိသော ရုပ်အလောင်းများအဖြစ်ကျန်နေခဲ့သောကြောင့်တည်း။ သို့ရာတွင် မဟာတမန်တော်မြတ်၏ နာမ်-ဝိညာဉ်ရေးဆိုင်ရာ အကျိုးပြုခြင်းတို့မှာကား 'ကေယာမသ်' ကမ္ဘာ့နောက်ဆုံးနေ့ကြီးတိုင် စဉ်ဆက် မပြတ် ရှိနေသောကြောင့်၊ ကိုယ်တော်မြတ်ကြီး ၏ အကျိုးသက် ရောက်စေသော ကောင်းချီးမင်္ဂလာများ ရှိနေပါလျက်နှင့် ဤ 'အွမ္မသ်' (တမန်တော်မြတ်၏တပည့် နောက်လိုက်တို့) အတွက် (အွမ္မသ်၏) အပြင်မှ မည်သည့် 'မဆိဟ်' မျှ လာရောက်ဖို့ မလို အပ်ချေ။ သို့သော်လည်း ကိုယ်တော်မြတ် ၏ အရိပ်ဆာယာအောက်၌ ပြုစုပျိုးထောင်မှုကို ခံယူခြင်းမှာ ကျွနု်ပ်ကဲ့သို့သော အညတရကို ပြုလုပ်ပေးသည့်ပမာ၊ အနုညာတ လူသားတစ်ယောက် ကိုပင် 'မဆိဟ်' အဖြစ် ပြုပေးနိုင်စွမ်း ရှိပေသတည်း။ " (ကျရှ်မာဟ်၊ မဆီဟီကျမ်း)
သို့ကြောင့်ပင် 'အေမာမုလ် ဟင်ဒ်၊ မုဟဒီဆ်၊ ဟစ်ဂျရီ တစ်ဆယ့်နှစ်ရာစု၏ မူဂျဒီဒ်၊ ဆူဖီအဘိဉာဉ်ဝါဒီ၊ ကျမ်းပြုပုဂ္ဂိုလ်ကြီးဖြစ်သော ဟဇရသ် ရှားဟ် ဝလီယွလ္လာဟ် မူဟာဒီစ်ဒေလဝီ သခင်ကြီးက ဤသို့ မိန့်ထားခဲ့ခြင်း ဖြစ်ပါသည်။
ဤသဘောကို ရည်၍ ကျွနု်ပ်တို့ မို့အ်မင်သက်ဝင်ယုံကြည်သူတို့၏ မိခင်မွန်၊ တမန်တော်မြတ်၏ ကြင်ယာတော်ဖြစ်သူ၊ သာသနာ့အရေးထက်ဝက်မျှကို ကောင်းစွာ တတ်ပွန်သူဟု ရှေးသာသနာ့ပညာရှင်အားလုံး တညီတညွတ်တည်း အတည်ပြုထား ခြင်းကို ခံရသူ၊ ဟဇရသ် အာအီရှာသခင်မကြီး(ရဒီ)က၊ နောင်လာနောက်သားမွတ်စလင်အများ သဘောကောက်ယူမှု မမှားကြရလေအောင် ဤသို့မှာထားတော်မူခဲ့ခြင်း ဖြစ်ပါသည်။
သို့ဖြစ်၍ ကျွနု်ပ်တို့ အဟ်မဒီယာ မွတ်စလင်အဖွဲ့ဝင်တို့သည် 'ခါတမေနဗူဝသ်' ကို လက်မခံ ငြင်းပယ်ကြသူများ လားလားမျှ မဟုတ်မူ၍ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် လွဲမှားသော အဓိပ္ပာယ်ကောက်ယူမှုကိုသာ တိကျမှန် ကန်စွာ တွေးမြင်တတ်လာအောင် ရှင်းပြသူများ ဖြစ်ကြပါသတည်း။
ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၃-၁)
No comments:
Post a Comment