ထို့အပြင် ခရစ်ယာန်တို့၏ ပြဿနာမှာ အစ္စလာမ်သာသနာအပေါ်သို့ အင်နှင့် အားနှင့် လွှမ်းမိုးလျက် ရှိနေမည့်ကာလတွင် မွတ်စလင်တို့သည် ယဟူဒီများနှင့် ပမာနှိုင်းပြခြင်း ခံရမည့်အရေးကို ကြုံကြရမည် ဖြစ်သည်။ သို့ဖြစ်ရာ တစ်ဘက်တွင် မဆိဟ်အီစာ(အ)နှင့် ပမာခိုင်းနှိုင်းခြင်းခံရသူ အရှင်သူမြတ်အား ငြင်းပယ်ကြခြင်းဖြင့် 'ယဟူဒီ' များနှင့် ဥပမာပေးခြင်း ခံရသူများ ဖြစ်ကြရပြီး အလ္လာဟ်အရှင်မြတ်၏ ကူညီပံ့ပိုးတော်မူခြင်းကို လက်လွတ်ဆုံးရှုံးသူများ ဖြစ်ကြပေလိမ့်မည်။
အခြား တစ်ဘက်တွင်လည်း ခရစ်ယာန်ဝါဒက သူတို့အား လွှမ်းမိုးပြီး သူတို့၏ ထောင်ပေါင်း များစွာသော အသဲနှလုံးများကို လုယူသွားခြင်း (ဝါ) များစွာသော မွတ်စလင်တို့ကို မိမိတို့ ဘာသာအတွင်းသို့ ဆွဲခေါ်သွားခြင်းကို ခံကြရပေလိမ့်မည်။ သို့ကြောင့် ဤအာယတ်တော်(ဆူရာဟ်ဖာတီဟာ)မှာ ကြီးလေး လှစွာသော ကြိုတင်နမိတ်ဟောချက်တစ်ရပ် ဖြစ်ပါသဖြင့် မိမိတို့၏ 'ဒိုအာ' ဆုပန်ခြင်းကို အမှတ်ရကြကာ အသိဝင်အကျိုးရယူကြလျက် ထိုသည့်နှစ်ခုစလုံးသော မီးတောက်ကြီးမှ မိမိတို့ကိုယ်ကို အကာအကွယ်ယူကြရန် မသင့်ပေသလော။ (အဟ်မဒီယာအဖွဲ့၏ ဒုတိယ ခလီဖတုလ်မဆိဟ်ပြုစုသော တပ္ဖစီရေ ကဗီးရ်ကို မှီငြမ်းပြုထားပါသည်။ တွဲ (၁)၊ အခန်း (၁)၊ စာ ၄၆ - ၄၇ ရှု။)
မွတ်စလင်များ၏ အရေးနှင့် စပ်လျဉ်း၍ ကမ္ဘာ့အရှေ့ခြမ်းမှ ကဗျာ့ ဝိဒူ ပါရဂူကြီးဖြစ်သော 'ဒေါက်တာ မူဟမ္မဒ် အိက္ကဘား(လ်)က'' စာပန်းချီချယ်၍ ပုံဖော်ခဲ့ပုံကို ရှုစားကြည့်ပါ။
ဤသို့လျှင် အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်ကလည်း မွတ်စလင်တို့အား (ယဟူဒီများနှင့် နဆွာရာနီများ ပုံပမာ) ဖြစ်ကြမည့်အရေးကို ကြိုတင်သတိပေးထားတော်မူပြီး မွတ်စလင်တို့ ကိုယ်တိုင်ကလည်း ယဟူဒီများနှင့် နဆွာရာနီများပမာ ဖြစ်ခဲ့ကြပြီ ဖြစ်ပေရာ အစ္စရေးလူမျိုးတို့၏ ကယ်တင်ရှင် တမန်တော် အီဆာ(အ) ကဲ့သို့သော တမန်တော်အီဆာနှင့် ဥပမာပေး ခိုင်းနှိုင်းခြင်း ခံရသော 'ကတိတော်ရမဆိဟ်' ကား ပွင့်ပေါ်ရန် မရှိပေသလော။
သို့ဖြစ်၍ အထက်တွင် တင်ပြခဲ့ပြီဖြစ်သော အာယတ်မုက္ခပါဌ် (၄ း ၇၀) တွင် အလ္လာဟ်အရှင်မြတ်က ရှေးက အွမ္မသ်များကို ကောင်းကျိုးသုခဆုလာဘ်အနေနှင့် 'နဗီ' တမန်တော်များကို ခန့်ထားစေလွှတ်ပေးတော်မူခဲ့သလို၊ ယခုလဲပဲ ငါအလ္လာဟ် အရှင်မြတ်နှင့် ဤတမန်တော်မြတ်အား လိုက်နာကြကုန်သော သူတို့အဖို့ အခြေ အနေနှင့် အချိန်အခါအားလျော်စွာ လိုအပ်လျှင် လိုအပ်သလို အဆင့်ဆင့်သော ပုဂ္ဂိုလ် များကို ခန့်ထားစေလွှတ်ပေးတော်မူမည်။ မွတ်စလင်တို့တွင် ယဟူဒီနှင့် နဆွာရာနီ တို့ကဲ့သို့သော အခြေအနေမျိုး ဆိုက်ရောက်လာလျှင် အစ္စရေးလူမျိုးတို့အတွက် ပေါ်ထွန်းစေတော်မူခဲ့သည့် 'ခါတမုလ်ခိုလဖာ' (တမန်တော်မူဆာ၏ အရိုက်အရာ ဆက်ခံ၍ ယဟူဒီဘာသာကို မပျက်စီးမပြိုကွဲရလေအောင် ထိန်းကျောင်းသူ 'တမန်တော် မူစာ၏ ခလီဖာ' တို့တွင် အကြီးမြင့်ဆုံး ခလီဖာကြီးဖြစ်သည့်) 'တမန်တော် အီဆာ' အား စေလွှတ်တော်မူဘိသကဲ့သို့ အသင်မွတ်စလင်တို့တွင်လည်း 'အီဆာကဲ့သို့သော' ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်၍ ကယ်တင်စေတော်မူမည်။ ထိုကယ်တင်ရှင်များ အနက်မှ 'နဗီ' တမန်တော်တည်းဟူသော သမားတော်ဘွဲ့ရသူများသာ ကုသနိုင်မည့် ကြီးကျယ် သောရောဂါကုသရန်လိုအပ်ခဲ့လျှင် 'နဗီ'တမန်တော်အဖြစ်ဖြင့်ရောက်ရှိလာကြ မည်။ အလ္လာဟ်အရှင်မြတ်သည် ဆူရာဟ်(၁) အာယတ်တော် (၇) တွင် ကြီးမားသော ရောဂါကို သတိပေးထားခဲ့တော်မူသောကြောင့် ယခု(၄ း ၇၀)တွင် သမားတော် အဆင့်ဆင့် ရှိကြသည့်အနက် ဤသို့သော ကြီးမားသည့် ရောဂါကို ကုသပေးနိုင်သော သူကို တမန်တော်မူဆာ(အ) ၏ အွမ္မသ်တို့အတွက် စေလွှတ်ခဲ့သည်နှင့် တစ်ပုံစံတည်း 'နဗီ' ဟူသော သမားတော်ကိုလည်း စေလွှတ်ပေးတော်မူမည်ဖြစ်ကြောင်း လင်းပြခြင်း ဖြစ်ပေသည်။
အစ္စရေးလူမျိုးတို့တွင် ပွင့်ပေါ်ခဲ့သော နဗီတမန်တော်တို့မှာ တမန်တော် မူဆာအား နာခံလိုက်နာခြင်းအားဖြင့် တမန်တော်ဘွဲ့ကို ဆွတ်ခူးရရှိခဲ့ကြသည် မဟုတ်။ တောင်ဝ်ရာတ်ကျမ်းတော်ကို ထိန်းသိမ်းရန် အလ္လာဟ်အရှင်မြတ်က တိုက်ရိုက် ရွေးချယ်သော တမန်တော်များ ဖြစ်ကြပေသည်။ (ဤသည်နှင့်စပ်လျဉ်း၍ သာဓကပြချက် အမှတ် (၇) တွင် တင်ဆက်ပါမည်။) သို့ရာတွင် မဟာတမန်တော်မြတ်အား ခန့်ထား စေလွှတ်တော်မူပြီးသည့်နောက်တွင်ကား 'တမန်တော်မြတ်ကြီးအား အမှန်တကယ် နာခံလိုက်နာသူ ဖြစ်ရမည်'' ဟူသည့် စည်းကမ်းချက်ကို တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်၍ ''အကြင်သူသည် (၁) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (၂) ဤမဟာ တမန်တော်မြတ် မူဟမ္မဒ်(ဆွ)အား လည်းကောင်း အမှန်တကယ် နာခံလိုက်နာမှုကို ကျင့်သုံး လျှင် ငါအရှင်မြတ်က 'အင်န်အာမ်' ကောင်းကျိုးသုခဆုတော်လာဘ်တော်ကို ချီးမြှင့်သော သူတို့နှင့် အတူတကွ ပေါင်းစည်းပါဝင်စေတော်မူမည်။ ယင်းတို့အား နဗီများလည်း ဖြစ်စေမည်။ ဆိဒ်ဒီးက်များလည်းဖြစ်စေမည်။ ရှဟီးဒ်များလည်း ဖြစ်စေမည်။ ဆွာလေ့ဟ် များလည်း ဖြစ်စေမည်။'' ဟု မိန့်ထားခြင်း ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ရှေးရှေးက နဗီတမန်တော်တို့၏ 'အွမ္မသ်' အမျိုးသား တို့ကို ရည်၍ အလ္လာဟ် အရှင်မြတ်က ဤသို့ မိန့်ထားခဲ့ပါသည်။
وَالَّذِيْنَ اٰمَنُوْا بِاللّٰهِ وَرُسُلِهٖۤ اُولٰٓٮِٕكَ هُمُ الصِّدِّيْقُوْنَۖ وَالشُّهَدَآءُ عِنْدَ رَبِّهِمْؕ لَهُمْ اَجْرُهُمْ وَنُوْرُهُمْؕ وَ الَّذِيْنَ كَفَرُوْا وَكَذَّبُوْا بِاٰيٰتِنَاۤ اُولٰٓٮِٕكَ اَصْحٰبُ الْجَحِيْمِ
''အလ္လာဟ်နှင့် ထိုအရှင်မြတ်၏ 'ရစူလ်' တမန်တော် များအား အမှန်တကယ် သက်ဝင် ယုံကြည်လာခဲ့လေသမျှသော အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် မိမိတို့ ဂုဏ်ရည်အလိုက် 'ဆီစ်ဒီးက်' နှင့် 'ရှဟီးဒ်' ဂုဏ်အဆင့်ကို ရရှိခဲ့ကြလေ၏။'' (၅၇ း ၂၀)
ဖော်ပြပါ မုက္ခပါဌ်တော် (၂) ပါး (၄ း ၇၀ နှင့် ၅၇ း ၂၀) ကို အက္ခရာ၊ စကားလုံး၊ အနက်သဘော စသည်တို့၏ ကွဲပြားခြားနား ကွာဟချက်များအား သေချာစေ့ငု ဂရုပြု၍ သုံးသပ်ပါလျှင် တမန်တော်မြတ်ကြီး ၏ မြင့်မြတ်ခြင်းကို သဘောပေါက်နိုင်ပါလိမ့်မည်။ ရှေးတမန်တော်များ၏ တပည့်နောက်လိုက် (အွမ္မသ်) တို့အတွက် 'ဆိဒ်ဒီက်' နှင့် 'ရှဟီးဒ်' အဆင့်ကိုသာ သတ်မှတ်ထားတော်မူခဲ့ပြီး ခေတ်အဆက်ဆက်နှင့် မျိုးနွယ်အဆက်ဆက်တို့အတွက် စံပြတမန်တော်။ (၃၃ း ၂၂။ ၃၄ း ၂၉) မြင့်မားသော ကိုယ်ကျင့်တရားတို့ဖြင့် ပြည့်ဝသူ မဟာလူသား (၆၈ း ၅)။ ကျွနု်ပ်တို့၏ မဟာတမန်တော်မြတ်၏ 'အွမ္မသ်' အမျိုးသားတို့မှာ အလ္လာဟ် (ဝါ) အရှင့်မုက္ခပါဌ် ဓမ္မက္ခန်ကျမ်းတော်ကိုလည်းကောင်း၊ တမန်တော်မြတ် (ဝါ) ကိုယ်တော်မြတ် ချပြခဲ့သည့် စံနမူနာများကို လည်းကောင်း ဦးလည်မသုန် နာခံလိုက် နာကြသော် နာမ်တရားအခြေအနေဆိုင်ရာ အမြင့်မားဆုံးသော ဆုလာဘ်သပ္ပကာကို ရရှိထိုက်သူများ ဖြစ်ကြမည်သာမက၊ ကိုယ်တော်မြတ်ကြီးအား နာခံလိုက်နာခြင်းဖြင့် လုံးဝဥဿုံ အလုံးစုံသော ဘွဲ့ထူးကြီးများကို ဆွတ်ခူးနိုင်ကြမည် ဖြစ်ပေသည်။ တနည်း ဆိုသော် ကိုယ်တော်မြတ်(ဆွ)တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ အဆင့်မြင့် တက္ကသိုလ်ကြီးတွင် တက်ရောက်ပညာဆည်းပူး တပည့်ခံသူ (အွမ္မသ်) အပေါင်းတို့သည် မိမိတို့ အရည်အချင်းများ အားလျော်စွာ၊ အခြားတက္ကသိုလ်များတွင် မရရှိနိုင်သည့် ဘွဲ့ကိုပင် ချီးမြှင့်နိုင်သော တက္ကသိုလ် ကြီးဖြစ်သည့်ပမာနှင့် ကိုယ်တော်မြတ်ကြီး(ဆွ) မှာလည်း ထိုတက္ကသိုလ်မှ အမြင့်ဆုံး ဘွဲ့ကို ချီးမြှင့်ပေးနိုင်သော ပါမောက္ခချုပ်ကြီး ပမာတည်း။ ဤသည်သာ အကျွန်တို့ အဟ်မဒီများသက်ဝင်သည့် ခါတမေ နဗူဝသ်ပင်ဖြစ်ပါသတည်း။
''ဤကား အလ္လာဟ်၏ 'ဖဇလ်' ကျေးဇူးတည်း။ မိမိ သဘောကြိုက်ညီသူအား ပေးသနားချီးမြှင့်တော်မူ၏။ စင်စစ်အလ္လာဟ်သည် ကျေးဇူးကြီးတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။'' (၆၂ း ၅)
ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၅-၁)
No comments:
Post a Comment