ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၇)



ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၇-၁)


သာဓက အမှတ် (၉)
အစ္စလာမ်သည် ပြီးပြည့်စုံသော သာသနာတည်း


ကျမ်းတော်မြတ်ကုရ်အာန်တွင် လာရှိထားသည်မှာ -

اَلْيَوْمَ اَكْمَلْتُ لَـكُمْ دِيْنَكُمْ وَاَتْمَمْتُ عَلَيْكُمْ نِعْمَتِىْ وَرَضِيْتُ لَكُمُ الْاِسْلَامَ دِيْنًا‌ؕ فَمَنِ اضْطُرَّ فِىْ مَخْمَصَةٍ غَيْرَ مُتَجَانِفٍ لِّاِثْمٍ‌ۙ فَاِنَّ اللّٰهَ غَفُوْرٌ رَّحِيْمٌ

"ဤနေ့တွင် ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ သာသနာကို ပြီးပြည့်စုံစေတော်မူပြီ၊ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အပေါ် ငါ၏ “နေ့အ်မသ်” (ကောင်းကျိုးချမ်းသာ) ကို စုံလင်ပြည့်ဝစေတော်မူပြီ။ ထို့ပြင် ငါအရှင်မြတ်သည် “အစ္စလာမ်” ကို အသင်တို့အဖို့ “ဒီန်” သာသနာအဖြစ် နှစ်သက်သဘောတူ တော်မူခဲ့ပြီ။" (၅ း ၄)

ကျွနု်ပ်တို့ အဟ်မဒီယာအဖွဲ့၏ တင်ပြရှင်းလင်းချက်ကို အားနဲသေးသိမ်စေရန် အလို့ငှာ၊ ကျွနု်ပ်တို့အား ဆန့်ကျင်ဘက်ပြုသော နောင်တော်များအနေနှင့် ဖော်ပြပါ အာယတ်တော်ကို မိမိတို့အတွက် အသုံးအဝင်ဆုံးနှင့် အင်အားအကောင်းဆုံးသော လက်နက်ကြီးအဖြစ် အသုံးချကြကာ၊ “သာသနာတော်သည် ပြီးပြည့်စုံပြီ။ နေ့အ်မသ်သည်လည်း စုံလင်ပြည့်ဝပြီ” သို့ပါလျက် နောက်ထပ် တမန်တော်တစ်ပါး ပွင့်သည် ဆိုပါလျှင် တမန်တော်တို့ဟူသည် ကျမ်းတော်ကို ယူလာကြစမြဲဖြစ်၍ တမန်တော်အသစ်၊ ကျမ်းစာအသစ် ရောက်ရှိလာမှတော့ ကုရ်အာန်ကျမ်းတော်မြတ်ကို “မန်ဆွတ်ခ်” ဖြစ်စေတော့မှာပေါ့။ သို့ကြောင့် ဤအာယတ်တော်အရ မည်သည့်တမန်တော်မှ ကိုယ် တော်မြတ် ၏ နောက်တွင် ပေါ်ထွန်းရန် မရှိ။” ဟူ၍ ငြင်းချက်ထုတ် စောဒက ဝင်ကြပါသည်။

အဆိုပါ စောဒကဝင်ချက်ကို ဖြေကြားရပါသော် -

၁။ ဖော်ပြပါ အာယတ်တော် (၅ း ၄) အားဖြင့် အစ္စလာမ်သာသနာ (ဝါ) မြတ်ကုရ်အာန်ကို ပြီးပြည့်စုံသော သာသနာ (ဝါ) ပြီးပြည့်စုံသော “ရှရီအသ်” ဓမ္မဥပဒေသဖြစ်ကြောင်းကို ကောင်းစွာသိရှိနားလည်ကြရပါသည်။

သာသနာတော် (ဝါ) ရှရီအသ်တရားတော်ဟူသည် လူသားအား အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ် ပေါင်းစည်းမှု ပြုပေးရန် ပေါင်းကူးတံတားကြီးအဖြစ်နှင့် အဓိပတိလမ်းမကြီးသဖွယ် လူသားတို့အတွက် ပကဓူပနိဿယ အားကြီးသော မှီခိုအားထားရာ ဖြစ်ပေသည်။ သာသနာတော် (ဝါ) ရှရီအသ်တရားချို့တဲ့ အားနည်းသည်နှင့် အမျှ အလ္လာဟ်နှင့် လူသားတို့ကို အဆက်အသွယ်ပြုပေးရာမှာလည်း ချို့တဲ့ အားနည်း၊ ပြည့်စုံမှု မရှိဘဲသာ ဖြစ်မည်။ ထိုနည်းတူစွာ ပြီးပြည့်စုံခြင်း ရှိလေသမျှ အလ္လာဟ်နှင့်လူသားတို့ကို ဆက်သွယ်ပေါင်းစည်းပေးရာမှာလည်း ပြည့်စုံခြင်း ရှိမည်မှာ ဓမ္မတာတည်း။ သို့ဖြစ်ရာ ယခုအစ္စလာမ်သာသနာမှာ (ဝါ) မြတ်ကုရ်အာန်ကျမ်းတော်မှာ ပြီးပြည့်စုံသော သာသနာ၊ စုံလင်ပြည့်ဝသော “ရှရီအသ်” ဖြစ်ပေရကား၊ ကျွနု်ပ်တို့ အစ္စလာမ်သာသနာဝင် “မဟာတမန်တော်မြတ်” (ဆွ) ၏ အွမ္မသ်တို့အား ချို့တဲ့ခြင်းကင်း၍ စုံလင်ပြည့်ဝစွာသော ရှုထောင့်များဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်မှုကို ပြုပေးနိုင်ကြောင်း ထင်ရှား ပေတော့သည်။ ဤတွင်မျှ မကသေးဘဲ လူသားအား အလ္လာဟ်အရှင်မြတ်နှင့် ပြီးပြည့်စုံစွာ ဆက်သွယ်ပေါင်းစည်း ရင်းနှီးမှုရရှိစေသည့် အမြင့်ဆုံး အဆင့်အတန်း (ဘွဲ့) မှာ “နဗူဝသ်” ဟူသော (ဘွဲ့) အဆင့်အတန်း ဖြစ်ပေရာ။ အကယ်၍ အစ္စလာမ် သာသနာ (ဝါ) ကုရ်အာန်ကျမ်းတော်မြတ်က ယခု လူသားအား “နဗူဝသ်” (ဘွဲ့) အဆင့်ကို မအပ်နှင်း မချီးမြှင့်တော့ပါဟု ဆိုခဲ့ပါလျှင် တစ်နည်းအားဖြင့် အစ္စလာမ် သာသနာ (ဝါ) မြတ်ကုရ်အာန်သည် တမန်တော်ကြီးမူဆာ ယူဆောင်ချမှတ်ခဲ့သော သာသနာ (ဝါ) ပညတ်တရားတော်ဖြစ်သော “တောင်ဝ်ရာတ်” ကျမ်းတော်လောက်ပင် မိမိကို လိုက်နာသူအား အမြင့်ဆုံးဘွဲ့ကို ချီးမြှင့်နိုင်လောက်အောင် ဂုဏ်ရည်မရှိ။ ပြည့်စုံခြင်း နတ္ထိနှင့် ချိုတဲ့မှု မကင်းသော သာသနာ (ဝါ) ဓမ္မဥပဒေသ ဖြစ်ပါသည်ဟု ဆိုရာကျနေမည် မဟုတ်ပါလော။ (နအူဇိုဘိလ္လာဟ်)

သို့ကြောင့် “နဗူဝသ်” တမန်တော် (ဘွဲ့) အဆင့် မရရှိနိုင်တော့ချေ ဟူသည့် အယူအဆမှာ “မှား” ပါသောကြောင့် ဤသို့သော အယူအဆ အတွေး အမြင်သည် ကုရ်အာန်ကျမ်းမြတ်၏ အနီးအပါးသို့ ချဉ်းကပ်နိုင်လိမ့်မည် မဟုတ်ပါ။ (၄၁ း ၄၃) အစ္စလာမ် သာသနာ (ဝါ) ကုရ်အာန်ကျမ်းတော်မြတ်က လူသားအား ယခုအခါ “နဗူဝသ်” (ဘွဲ့) အဆင့်ကို မချီးမြှင့် မအပ်နှင်းတော့ပါဟူသော အဆိုကို “မှား” ကြောင်း ကုရ်အာန် ကျမ်းမြတ် (၄ း ၆၉-၇၀) တွင် နေမင်းပမာ ထင်ရှားစွာ လင်းပြနေပေသည်။

အထက်ဖော်ပြပါ အာယတ်တော် (၅ း ၄) ကို အခြားသော ရှုကွက်တစ်ရပ်ဖြင့် ရှုမြင်၍ “အစ္စလာမ် သာသနာ (ဝါ) မြတ်ကုရ်အာန်၏ သင်ပြပို့ချချက်များမှာ အဘက်ဘက်မှ ပြီးပြည့်စုံစွာ ရှိမှတော့ မည်သို့သော “ပြုပြင်ရေးသမား”နှင့် “ကယ်တင်ရှင်” ကို အလိုရှိပါဦးမှာလဲ။ ဤသင်ပြပို့ချချက်များကို လိုက်နာသူတိုင်းသည် မိမိတို့ဖာသာ မိမိတို့ ပြုပြင်သွားနိုင်ကြပါသည်။”” ဟု တွေးဆမည်ဆိုလျှင် ဤတွေးဆချက်မှာ လုံး၀ မှားယွင်းသော အယူအဆ အတွေးအမြင်သာ ဖြစ်ပါလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ပထမဦးစွာ ကျွနု်ပ်တို့၏ ကိုယ်တွေ့ ဖြစ်ရပ်များက ထိုကဲ့သို့သော အယူအဆ အတွေးအခေါ်ကို မှားယွင်းကြောင်း အဆုံးအဖြတ်ပေးသောကြောင့် ဖြစ်၏။ အကြွှင်းမဲ့ ပြီးပြည့်စုံသော ပို့ချချက် (ကျမ်းတော်) ရှိနေပါလျှက်နှင့် မွတ်စလင်တို့သည် . . . တနေ့တခြား ကျဆင်းလျက်သာ ရှိနေကြကာ ငါတို့ကျဆင်း ရှုံးနိမ့်လျက်သာ ရှိနေကြပါလားဟူသော အသိစိတ်ရှိနေကြလင့်ကစား မိမိတို့သည် ပြန်လည်၍ မထူနိုင်မထနိုင်ဘဲ ရှိနေကြပေသည်။ သို့ကြောင့် ကျွနု်ပ်တို့အနေဖြင့် လွန်လေခဲ့ပြီးသော ရှေးခေတ်သမိုင်း ကြောင်းကို ပြန်၍ လှည့်ကြည့်လိုက်သောအခါ မည်သည့်အမျိုးသား၊ မည်သည့် လူ့အဖွဲ့ အစည်း (အွမ္မသ်)မျှ သာသနာရေး မွဲတေကျရှုံးမှုဖြစ်ပြီး နောက်တဖန် မိမိတို့ဖာသာ နဂိုမူလက ရှိခဲ့တဲ့အတိုင်း ကိုယ်ထူကိုယ်ထ ပြုနိုင်ခဲ့ကြခြင်း မရှိကြောင်းကို သမိုင်းမှတ်တိုင် ကြီးများ၊ အထင်ကရ ရှိနေသည်ကို မြင်တွေ့ကြရပါသည်။

ဒုတိယ အနေနှင့်၊ အလ္လာဟ်အရှင်မြတ်၏ ရှေးအဆက်ဆက် ပရံပရကတည်းက ရှိခဲ့သော၊ နိယာမအစဉ် အလာကြီးကလည်း အထက်ပါ အယူအဆအတွေးအမြင်ကို မှားယွင်းကြောင်း သက်သေပြလျှက် ရှိပါသည်။ အကြောင်းမူ လောကကြီးတွင် အဝိဇ္ဇာအမိုက်မှောင် ကျရောက်သော ကာလတိုင်းတွင် အရှင်မြတ်သည် ရှေးအစဉ်အဆက်ကတည်းက ပြုပြင်ရေးသမားတစ်ပါးပါးကို ရွေးချယ်ခန့်အပ် စေလွှတ်ပွင့်ပေါ်စေတော်မူခြင်းမှာ အလ္လာဟ်၏ အစဉ်အလာ၊ နိယာမတရားကြီးဖြစ်ကြောင်းကို ကျွနု်ပ်တို့ (မြတ်ကုရ်အာန် တွင်) မြင်တွေ့ကြရ သောကြောင့် ဖြစ်ပါသည်။

တမန်တော်မူဆာ၏ အမိုျးသား (အွမ္မသ်) တို့အတွက် 'တောင်ဝ်ရာတ်' ကျမ်းတော်၏ သင်ပြချက်များမှာ ပြီးပြည့်စုံခဲ့သည်သာ ဖြစ်ပါ၏။ (၆ း ၁၅၅) သို့စင်လျက် ယင်းသို့ ပြည့်စုံရုံသာမက ထိုပညာရပ်များကို ယင်းအမိုျးသားတို့သည် လက်ကိုင်ပြုလျက် ရှိနေကြလင့်ကစား အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ ပြုပြင်ရေးသမား (ဝါ)သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်သူတစ်ပါးပါးကို စေလွှတ်မြဲ စေလွှတ်တော် မူလျက်၊ ထိုအရှင်သူမြတ်များအားဖြင့် တမန်တော်မူဆာ၏ (အွမ္မသ်) အမိုျးသား တို့အား ထိန်းကျောင်းပဲ့ပြင်ရန် တာဝန်ပေးခန့်ထားတော်မူမြဲ ရှိခဲ့ပါသည်။ ဤသည်ကို မြတ် ကုရ်အာန်၌ -

''ထို့နောက် တဖန်၊ ထို (တမန်တော်) မူစာ၏ နောက်တွင် (မြောက်မြား စွာသော) နဗီတမန်တော်များကို တပါးပြီးတစ်ပါး အဆက်မပြတ် ဖဝါးခြေထပ်လိုက်နာရန် စေလွှတ်တော်မူခဲ့လေသည်။'' ( ၂ း ၈၈) ဟု ဖော်ပြထားပါသည်။

တတိယအနေနှင့်၊ သင်ကြားပို့ချချက် (ကျမ်းတော်) အကြွင်းမဲ့ပြီးပြည့်စုံ၏ ဟူသည့် အနက်သဘောမှာ အလ္လာဟ်အရှင်မြတ် သည် နာမ်-ဝိညာဉ်ရေးဆိုင်ရာ တိုးတက်မြင့်မား ရေးလမ်းကြောင်းဟူသမျှကို ဤပို့ချချက်တွင် ဖော်ပြထားပြီး ဖြစ်သည့်အပြင် လိုအပ်ရာရာ ဟူသမျှကို ဖြည့်ဆည်းထားပြီး ဖြစ်သည်ဟု ဆိုခြင်းသာ ဖြစ်ပါသည်။ သို့ရာတွင် လူသားတို့၏ သဘောသဘာဝနှင့်အညီ လူသားဆန်သော၊ နိမ့်ကျသည့် အတွေးအမြင် များကို ဦးစားပေး အလေးထားခြင်းအားဖြင့် အဆိုပါ သင်ကြားပို့ချချက် သင်ခန်းစာ သည်ပင် အလွဲလွဲအချော်ချော် မှောက်မှောက်မှားမှား ဖြစ်ခဲ့ပြီး ပို့ချချက်သင်ခန်းစာများ အပေါ်တွင် တင်ရှိဖုံးလွှမ်းနေ ခဲ့ပြီဖြစ်သော အမှိုက်သရိုက် များနှင့် ချေးညှော်ဟူသမျှကို ချွတ်ခွာသုတ်သင်ပြီး နဂိုမူလကရှိခဲ့သော 'အား' ကို မထည့်သွင်း ပေးလေသမျှ ကာလပတ်လုံး ထိုသင်ပြချက်များက အသို့လျင် လူသားတို့အား ထိန်းကျောင်း ပဲ့ပြင်ပေးခြင်း အလုပ်ကို လုပ်နိုင် ပါမည်နည်း။ အကြွင်းမဲ့ ပြီးပြည့်စုံသော သင်ကြားပို့ ချချက်၊ သင်ခန်းစာဟူသည်ကား တမူထူးခြား ပညာသားပါလှသော လက်နက်သဖွယ် ဖြစ်ပေရာ ထိုလက်နက်ကို ကိုင်တွယ်ပစ်ခတ် အသုံးပြုတတ်သော ကျွမ်းကျင်သူ (ဆရာသမား) ရှိဘို့ မလိုပါ သလော။ သို့ကြောင့်လည်းပဲ တမန်တော်မြတ်(ဆွ)က မိမိနောက်အေမာမ်မဟ်ဒီပွင့်ပေါ် လာမည့်သတင်းစကားကို ပါးခဲ့ခြင်း မဟုတ်ပါလော။

'မော်လနာမုဖ်သီ မုဟမ္မဒ်ရှဖီးဆွာဟိဘ်' က မအာရိဖုလ် ကုရ်အာန် (တွဲ ၁၊ စာ ၁ဝ၂ - ၁ဝ၆) တွင် ''သင်တန်းများက စကားလုံးများကိုသာ သင်ကြားနိုင်၍ လူသားကသာ လူသားကို လေ့ကျင့်သင်ကြားပေးနိုင်သည်။ ဤအမှန်တရားသည် နေ့စဉ်ဘဝ၏ နယ်ပယ်အတွက် အမြဲတစေ မှန်ကန် ပါသည်။'' . . . ''စာအုပ်ဖတ်ရုံသက်သက်မျှဖြင့် မည်သူတစ်ဦးတစ်ယောက် မျှ ဆရာဝန်တစ်ဦး (သို့) အင်ဂျင်နီယာ တစ်ဦး (သို့) စားဖိုမှူးတစ်ဦး (သို့) အပ်ခုျပ်သမာတစ်ဦး ဖြစ်မလာနိုင်ပါ။ ထိုနည်းတူစွာ ကုရ်အာန်ကျမ်း တော် မြတ်နှင့် ဟဒီးဆ်တော်ကို မိမိဖာသာ လေ့လာရုံဖြင့် လူသားတစ်ဦးကို ရုပ်ပိုင်း နာမ်ပိုင်းဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး အတွက် မလုံလောက်ပါ။ ''ယင်းကဲ့သို့သော လေ့လာမှုတစ်ရပ်တွင် အထူးကျွမ်းကျင်သူတစ်ဦး (သို့) စစ်မှန်သောပညာရှင်တစ်ဦး၏ ကြီးကြပ်ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်ပြီးမှသာလျှင် ယင်းသည်အသုံးဝင်ပါလိမ့်မည်။'' ဟု မလွဲမရှောင် သာဘဲ အမှန်ကိုဝန်ခံရေးသား ဖော်ပြခဲ့ရခြင်း ဖြစ်ပါသည်။

ဤတွင် ““အထူးကျွမ်းကျင်သူတစ်ဦး (သို့) စစ်မှန်သောပညာရှင် တစ်ဦး”” ဆိုရာ၌ ဆူရာဟ်(၄) အာယတ်တော်(၇၀) တွင် လာရှိထားသည့်အတိုင်း ““အလ္လဇီနာ၊ အန်အမလ္လာဟိုအလိုင်းဟင်မ်”” အလ္လာဟ် အရှင်မြတ်မှ ကောင်းကျိုးပြုပေး တော်မူသော အကြင်သူ(ဝါ) အလ္လာဟ်အရှင်မြတ်က ရွေးချယ်ခန့်ထား စေလွှတ်တော်မူ သော ““အထူးကျွမ်းကျင်သူ”” ကိုဆိုလိုခြင်းဖြစ်ကြောင်း သတိချပ်သင့်ပါသတည်း။

၂။ ““နောက်ထပ်တမန်တော်တစ်ပါးပွင့်သည် ဆိုပါလျှင် တမန်တော်တို့ ဟူသည် ကျမ်းတော်ကို ယူလာကြစမြဲဖြစ်၍ တမန်တော်အသစ်ကျမ်းစာအသစ် ရောက်ရှိလာမှတော့ ကုရ်အာန်ကျမ်းတော်မြတ်ကို “မန်ဆွတ်ခ်” ဖြစ်စေတော့ မှာပေါ့။ သို့ကြောင့် ဤအာယတ်တော် (၅ း ၄)အရ မည်သည့်တမန်တော်မျှ ကိုယ်တော်မြတ်န၏ နောက်တွင်ပေါ်ထွန်းရန် မရှိ။”” ဟူသော ကန့်ကွက်ပြော ဆိုချက်ကို ရှင်းပြရသော်။-

အလ္လာဟ်အရှင်မြတ်က “နဗီ-ရစူလ်” တည်းဟူသော တမန်တော်များကို ဤသို့သောပုံစံဖြင့် ခန့်အပ်စေလွှတ်တော်မူကြောင်း ဖော်ပြထားတော်မူပါသည်။

"အချို့သော တမန်တော်များကို အချို့သော တမန်တော်များထက် ဂုဏ်ဒြပ် ချီးမြှင့်တော်မူခဲ့လေပြီ။ " (၂း၂၅၄)

ကြည့် - အလ်မနာရ်၊ ရူဟုလ်မအာနီ၊ အလ်ဗဟ်ရုလ်မုဟီးတွ်၊ (ဖဟ်ဒ်ဘုရင်ကုရ်အာန်ကျမ်းမြတ်ပုံနှိပ်တိုက်ထုတ် “ကုရ်အာန်ကျမ်းမြတ်” မြန်မာဘာသာပြန် ကျမ်း၊ ပ-တွဲ၊ စာ ၂၃၁။ (၂ း ၂၅၃) အောက်ခြေရှု။) (၁၇ း၅၅။ ၅ း ၄၄ တို့လည်းရှု)

သို့ဖြစ်၍လည်း တမန်တော်ကြီးမူဆာ(အ)နှင့် တမန်တော် ဟာရွန်(အ)တို့မှာ (နဗီ၊ ရစူလ်အဖြစ်နှင့်) ခေတ်တစ်ခေတ်တည်း၊ အချိန်ကာလ တစ်ခုတည်းတွင် ပေါ်ထွန်းခဲ့ကြသော်လည်း တမန်တော်ဟာရွန်(အ)မှာ တမန်တော်ကြီး မူဆာ(အ)၏ အမိန့်လိုက်နာရသော တမန်တော် အဖြစ် ပေါ်ထွန်းခဲ့ခြင်း ဖြစ်ပါသည်။ (၁၉ း ၅၄။ ၂၀ း ၉၃) တမန်တော်ဟာရွန်မှာ “နဗီ၊ ရစူလ်” ဖြစ်လင့်ကစား တမန်တော်ကြီးမူဆာအား ရရှိသော “ရှရီအသ်” ပညတ်တရားတော်ကိုသာ လိုက်နာခဲ့ရပါသည်။

ထို့အတူ စူရာဟ်ယာစီန်၌လည်း ဤသို့ တွေ့ရှိရပါသည်။

““အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမြို့သူမြို့သားတို့ထံ (ရစူလ်တမန်တော်) နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ထိုနှစ်ပါးလုံးအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တတိယ (ရစူလ်တမန်တော်) တစ်ပါးကို (စေလွှတ်တော်မူခဲ့ခြင်းအား) ဖြင့် (အင်အားတိုးတက်စေ) တော်မူခဲ့၏။ ထိုအခါ ထိုရစူလ်တမန်တော်တို့က စင်စစ်ဧကန် ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်း ခံကြရသော (ရစူလ် တမန်များပင်) ဖြစ်ကြသည်ဟု ပြောကြားခဲ့ကြကုန်၏။””(၃၆ း ၁၅)

ဤအာယတ်တော်တွင် ခေတ်တစ်ခေတ်အတွင်း တမန်တော်သုံးပါး ပွင့်ပေါ်ခဲ့ ကြောင်း တတိယရစူလ် တမန်တော်တစ်ပါးမှာ အစောပိုင်းက တမန်တော်နှစ်ပါးအတွက် “အင်အား” (ဝါ) ထောက်ခံသူအဖြစ် ပေါ်ထွန်းခဲ့ကြောင်းနှင့် ၎င်းသုံးပါးစလုံးမှာ အမျိုးသားထုတစ်ခုတည်းအတွက် ပွင့်ပေါ်သော တမန်တော်များ ဖြစ်ကြောင်းကို ဖော်ပြထားသဖြင့် နဗီ-ရစူလ်ဟုဆိုတိုင်း ရှရီအသ်ကျမ်းတော်ကို ယူဆောင်၍ ဥပဒေ ပြုခဲ့ကြသူများ မဟုတ်ကြောင်းကို သိရှိရပါသည်။

သို့ကြောင့် “အေမာမ်ဖာခါရွဒ္ဒင်ရာဇီသခင် (ဟစ်ဂျရီ - ၅၄၄ ကွယ်လွန်) က ကုရ်အာန်ကျမ်းမြတ်၏ (၆ း ၈၉-၉၀) အာယတ်တော်ပါ

ဟူသော အပိုဒ်တွင် အထက်မှ အာယတ်တော်များ (၆ း ၈၄ မှ ၈၉ ထိ) မှ တမန်တော် (၁၈) ပါးစလုံးကို ရည်ညွှန်း၍ ဤသို့ ရှင်းပြထားခဲ့ခြင်း ဖြစ်ပါသည်။

““အလ္လာဟ်အရှင်မြတ်သည် ၎င်း (တမန်တော်) အားလုံးမှ တစ်ပါးချင်းအနေဖြင့် သတ်သတ်မှတ်မှတ် အထူးပြု၍ ကျမ်းတော်ကို မချပေးခဲ့ချေ။”” (အလ်သပ္ဖဆီးရ် - အလ်ကဗီးရ်၊ ဂျွဇ် ၄၊ စာ ၈၆)

ထို့ပြင် “အလ္လာမဟ်ဘေသွာဝီ” ကိုယ်တိုင်ကလည်း စူရာဟ်မရ်ယမ် အာယတ် တော် (၅၄) တွင် လာရှိထားသည်ကို ညွှန်းပြီး ရစူလ်တမန်တော်ဟူသည် ရှရီအသ်ပညတ်တော် အသစ် ကို မဖြစ်မနေ ယူဆောင်လာရန် မလိုအပ်ချေ။ အဘယ့် ကြောင့်ဆို သော် တမန်တော်အစ်ဗရာဟင်မ်၏ (တမန်တော် အစ္စမာ အီလ်အပါအဝင်) သားမြေး ဟူသမျှတို့သည် ထိုတမန်တော် ကြီး၏ “ရှရီအသ်” ဓမ္မဥပဒေသကိုသာ လိုက်နာခဲ့ကြကုန်၏။" (အလ်ရှဘားဘ်အလ်ဘေသွာဝီ၊ ဂျွဇ် ၆၊ စာ ၃၀၅ အီဂျစ်ပြည်ပုံနှိပ်)

ထို့နောက် အလ္လာမဟ် ဘေသွာဝီကပင် အပေါ်ရံ အဓိပ္ပါယ်ပြန်ဆိုချက်များကို ပယ်ချလျက် စူရာဟ် “အလ်ဘက္ကရာဟ်” မှ အာယတ်တော် (၂၁၃) နှင့်စပ်လျဉ်း၍ မိမိ၏ အကျယ်ဖွင့် (ဋီကာ) ကျမ်းတွင် ဤသို့ ရေးသားရှင်းပြခဲ့ပြန်ပါသည်။

““ဤအာယတ်တော် ( ၂ း ၂၁၃) အားဖြင့် အလ္လာဟ်အရှင်မြတ်က တမန်တော်တိုင်းကို အထူး ကျမ်းတော် တစ်စောင်ကျစီ ပေးတော်မူခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်များမှ အများစုမှာ မည်သည့်အထူး ကျမ်းတော်တစ်စောင်တလေမျှ မရှိခဲ့ကြသည့်အပြင် မိမိတို့၏ အစောပိုင်းက ရှိခဲ့သော တမန်တော်များ၏ ကျမ်းတော်များကို လိုက်နာခဲ့ကြသောကြောင့် ဖြစ်ပေသည်။”” (သပ္ဖဆီရ်အလ်- ဘေသွာဝီ၊ ဂျွဇ် ၁၊ စာ ၁၄၂၊ ဒေလီမြို့၊ မုဂျ်သဘာအီပုံနှိပ်။)

တမန်တော်အစ္စမာအီလ်(အ) သည် “နဗီရောရစူလ်” ပါ ဖြစ်လင့်ကစား မိမိဖခင်ကြီးဖြစ်သော တမန်တော် အစ်ဗရာဟင်မ်(အ) လိုက်နာခဲ့သော “ရှရီအသ်” ကိုသာ ဆက်လက်လိုက်နာခဲ့ခြင်းနှင့် တမန်တော်ဟာရွန်(အ) သည်လည်း “ရစူလ်နှင့် နဗီ” ဖြစ်ပါလျှက် တမန်တော်ကြီးမူဆာ(အ) ချမှတ်ခဲ့သော “ရှရီအသ်” ပညတ်တရား ကိုသာ လိုက်နာခဲ့လေသည်။ တစ်စုံတစ်ရာသော ကျမ်းအသစ်နှင့် “ရှရီအသ်” အသစ်ကို မချမှတ်ခဲ့ကြပါ။ ကျမ်းမြတ်ကုရ်အာန်တွင် ဤသို့ အများအပြား လာရှိထားပါသည်။

““ထို့နောက် တဖန်၊ ထို (တမန်တော်) မူဆာ၏ နောက်တွင် (မြောက်မြားစွာသော) နဗီတမန်တော်များကို တစ်ပါးပြီးတစ်ပါး အဆက်မပြတ် ဖဝါးခြေထပ်လိုက်နာရန် စေလွှတ်တော် မူခဲ့၏။”” ( ၂ း ၈၈)

““ဧကန်ပင် ငါတို့သည် တောင်ဝ်ရာတ်ကျမ်းတော်ကို ပို့ချတော်မူခဲ့၏။ ယင်း၌ လမ်းညွှန်မှုသည်လည်းကောင်း၊ အလင်း ရောင်သည် လည်းကောင်းပါရှိ၏။ ယင်း (တောင်ဝ်ရာတ် ကျမ်းတော်) အားဖြင့် မိမိကိုယ်ကို လုံးဝနာခံလိုက်နာမှုတွင် ဆိုက်ရောက်လျက် ရှိနေခဲ့ကြသော တမန်တော်တို့သည် ယဟူဒီများအတွက် စီရင် ဆုံးဖြတ်မှု ပြုခဲ့ကြ၏။”” (၅ း ၄၅)

““၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်း ကျမ်းဂန်ဓမ္မက္ခန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ရာ၊ အသင်သည် ဤ(ကုရ်အာန်)ကျမ်းတော်ကို ရရှိခြင်းနှင့် စပ်လျဉ်း၍ မည်သို့မျှ ဒွိဟသံသယ မရှိလေနှင့်။ ထိုမှတပါး ငါအရှင်မြတ်သည် (နဗီတမန်တော်မူဆာအား ချီးမြှင့်တော်မူခဲ့သော) ယင်းကျမ်းဂန် ဓမ္မက္ခန်ကို အစ္စရာအီလီမျိုးနွယ်တို့အဖို့ တရားလမ်းညွှန် ပြုလုပ်တော် မူခဲ့၏။ ထိုမှတပါး ငါအရှင်မြတ်သည် ထိုအစ္စရာအီလီမျိုးနွယ် တို့အနက် ၎င်းတို့သည် သည်းခံခဲ့ကြသောအခါ ရှေ့ဆောင်ရှေ့ရပ် (အေမာမ်)များ ပြုလုပ်ခန့်အပ်တော်မူခဲ့၏။ ထိုရှေ့ဆောင်ရှေ့ရပ်တို့ သည် ငါ အရှင်မြတ်၏ အမိန့်တော်နှင့် (မဟ်ဒီ) တရားလမ်းညွှန်ကြ ကုန်၏။ ထို့ပြင် ၎င်းတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်သူများလည်း ဖြစ်ခဲ့ကြကုန်၏။”” (၃၂ း ၂၄ - ၂၅။)

သာဓက အမှတ် (၁၀)
နောက်ဆုံးနဗီ ပြဿနာ ယဟူဒီတို့တွင်လည်း ရှိခဲ့၏

““ထို့ပြင် ယူစွဖ်သည် ဤသည်ထက် အလျင်က သက်သေသာဓကများနှင့်အတူ အသင်တို့ထံ လာရောက်ခဲ့ပြီး ဖြစ်၏။ သို့သော် သူက အသင်တို့ထံ ယူဆောင် လာခဲ့လေ သမျှ (သက်သေများ) နှင့် စပ်လျဉ်း၍ အသင်တို့သည် သံသယပွားလျက်သာ ရှိခဲ့ကြပေ၏။ နောက်ဆုံးတွင် သူ ကွယ်လွယ်အနိစ္စရောက်သောအခါ အလ္လာဟ်သည် သူ၏နောက်တွင် တမန်တော်တစ်ပါးပါးကိုမျှ အလျင်းစေလွှတ်တော့မည် မဟုတ်ချေဟု အသင်တို့ ဆိုခဲ့ကြကုန်၏။ ဤကဲ့သို့ပင် အလ္လာဟ်သည် စည်းကမ်း ဖောက်ဖျက် ကျူးလွန်သူများ (နှင့်) သံသယပွားသူတို့အား လမ်းမှားသူများဟု သတ်မှတ် တော်မူ၏။ အကြင်သူတို့သည် (အလ္လာဟ်၏အထံတော်မှ သူတို့ထံသို့ ရောက်ရှိလာခဲ့သော သက်သေပြချက် တစ်စုံတစ်ရာမျှ မရှိပါဘဲလျက် အလ္လာဟ်၏ “အာယတ်တော်” များကို အငြင်းအခုန် ပြုကြကုန်၏။ ဤသည် အလ္လာဟ်၏ အထံတော်တွင် လည်းကောင်း၊ “မို့အ်မင်” သက်ဝင်ယုံကြည်သူတို့ထံတွင် လည်းကောင်း၊ ကြီးကျယ်လှစွာသော စက်ဆုပ် စရာ ဖြစ်ပေ၏။ ဤသို့ပင် အလ္လာဟ်သည် မောက်မာပလွှား၊ မာန်မာနရှိသူတို့၏ နှလုံးသား တစ်ခုလုံးအပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူပြီ ဖြစ်၏။”” (၄၀ း ၃၅ - ၃၆)

ကုရ်အာန်ကျမ်းတော်မြတ်တွင် ရှေးတမန်တော်များနှင့် သူတို့၏ အမျိုးသား (အွမ္မသ်) တို့၏ ဖြစ်ရပ်များကို ရှေးဟောင်းပုံပြင်များကို ပြောပြလိုသော ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်း မဟုတ်မူဘဲ “နဆီဟသ်” တရားသံဝေဂ ရယူကြစေရန်အတွက် မှတ်သား၍ ဆောင်ရန်ရှောင်ရန် သင်ခန်းစာများကို ဖော်ပြခြင်းသာ ဖြစ်ပေသည်။ သို့မဟုတ်ပါက အလ္လာဟ်အရှင်မြတ်သည် တမန်တော်ယူစွဖ် အမျိုးသားတို့၏ တွေးမြင်ယူဆ ချက်များကို ကျွနု်ပ်တို့အား ပြန်ပြောင်းဖော်ပြခြင်းဖြင့် ကျွနု်ပ်တို့အဖို့ မည်သို့သော အကျိုးအမြတ်ကို ရရှိစေပါသနည်း။

““အသင် (မြတ်တမန်) ထက် အလျင် ရစူလ် တမန်တော် အပေါင်းတို့အား ပြောဆိုခြင်း ခံခဲ့ကြရသည့် အတိုင်းပင် အသင်သည် လည်း ပြောဆိုခြင်းကို ခံရပေ၏။”” (၄၁ း ၄၄)

အလ္လာ့ဟ်ထံတော်မှဖြစ်သော၊ သက်သေပြချက် တစ်စုံတစ်ရာမျှ မရှိပါဘဲလျက် မိမိသည်သာ စာတတ်ပုဂ္ဂိုလ်ဖြစ်သည်။ မိမိစကားသာ အမှန်ဖြစ်ရမည်ဟု စိတ်ကြီးဝင်ကာ ဇွတ်ရောအဓမ္မပါ အငြင်းအခုံပြုနေပါလျှင် အသို့လျှင် အမှန်ကို မြင်နိုင်ပါအံ့နည်း။ သို့ကြောင့်ပင် အလ္လာဟ်အရှင်မြတ်က “မောက်မာပလွှား မာန်မာနရှိသူတို့၏ နှလုံးသား တပြင်လုံး အပေါ်ဝယ် တံဆိပ်ခတ်နှိပ် တော်မူပြီ ဖြစ်၏။” ဟု မိန့်ထားတော်မူခြင်း ဖြစ်ပါသည်။

သို့ဖြစ်ပေရာ ကျွနု်ပ်တို့အနေနှင့် အာဒမ်အား ခန့်အပ်စဉ်က “မလာအီကာ” တို့၏ ထုံး နှလုံးမူလျက် အမိန့်လိုက်နာရန် အသင့်ရှိနေကြကာ “အီဗလီစ်” ကဲ့သို့ ငါသိ ငါတတ် ငါနှင့်ငါသာ နှိုင်းစရာဟူသော စိတ်ဓာတ် မျိုးမှ ရှောင်ရှား၍ နေနိုင်အောင် မြတ်အရှင်အပါးတွင် ခိုလှုံနိုင်ခွင့် ပန်ကြားလျှောက်ထားလျက် ရှိနေကြဖို့လိုကြောင်း သတိပေးနှိုးဆော်လိုက်ရပါသည်။

စာရှုသူမိတ်ဆွေ တစ်ဆယ်ဟူသောဂဏန်းမှာ ပြည့်စုံသောဂဏန်း ဖြစ်ပါသည်။ သို့ကြောင့် ကျမ်းမြတ်ကုရ်အာန် သာဓက(၁၀)ချက်ဖြင့် ရှင်းလင်းတင်ပြခဲ့ပါပြီး၊ အခြားအခြားသော အာယတ်မုက္ခပါဌ်တော် အမြောက်အမြားရှိသော်လည်း အခြားအကြောင်းရပ်များအတွက် စာမျက်နှာနေရာချန်ဦးမည်ဖြစ်ပါသောကြောင့် အရိပ်ပြအကောင်မြင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် စာရှုသူအပေါင်းကို ဉာဏ်စက္ခု ချီးမြှင့်တော်မူပါစေသတည်း။ (အာမီးန်)

တမန်တော်မြတ်၏ ဟဒီးစ်တော် အလိုသဘောအရ “နဗူဝသ်“ စနစ်ကျန်ရှိနေသေးခြင်း။

သက်သေပြချက် (က)

““အကယ်၍ ကျွနု်ပ်၏ ဤသားတော် အစ်ဗရာဟင်မ်သာ အသက်ရှင်လျှက် ရှိခဲ့လျှင် မုချဧကန် “သစ္စာဝါဒီ တမန်တော်” ဖြစ်ပေလိမ့်မည်။” ဟု ဆက်လက် မိန့်မြက်တော်မူခဲ့သော ဟူ၏။ (အစ်ဗနေ့မာဂျဟ် ကျမ်း၊ ကိတာဘုလ်ဂျနာအိဇ် စာ - ၁၁၀။)

သခင်လေးအစ်ဗရာဟင်မ် ကွယ်လွန်သော ခုနှစ်မှာ ဟစ်ဂျရီ (၉)ခုနှစ် ဖြစ်ပြီး (တွဘရီနှင့် ဇုရ်ကာနီကျမ်းများရှု။) “ခါတမန်နဗီ ယီးန်” အာယတ်တော် ပို့ချခြင်း ခံရသည်မှာ ဟစ်ဂျရီ (၅) ခုနှစ် ဖြစ်ပေသည်။ (အစ်ဗနေ့ဟိရှာမ်၊ တွဘရီနှင့် ခမီးစ်သမိုင်းကျမ်းများရှု။) သို့ဖြင့် အစ်ဗရာဟင်မ်သခင် လေးမှာ “ခါတမန်နဗီယီးန်” အာယတ်တော် ချပေးအပြီး (၄) နှစ်ကြာကာမှ ကွယ်လွန် အနိစ္စရောက်ခဲ့ကြောင်းကို သိရှိရပါသောကြောင့် ““အကယ်၍ ကျွနု်ပ်၏ ဤသားတော် အသက်ရှင်လျှက်ရှိခဲ့ပါလျှင် အမှန်ပင် နဗီတမန်တော် ဖြစ်လိမ့်မည်။”” ဟူသော စကားကို မိန့်ချွေခဲ့မည် မဟုတ်ပါ။ သို့ကြောင့် ကိုယ်တော်မြတ်၏ သားတော်ကလေး တမန် တော်မဖြစ်ခဲ့ရခြင်းမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး “နဗူဝသ်” တမန်တော် စနစ် နိဂုံးချုပ် ပြတ်တောက်သွားပြီ ဖြစ်သောကြောင့် မဟုတ်ကြောင်းကို ကိုယ်တော်မြတ် ကြီး လက်ခံထားတော်မူခဲ့ကြောင်း ထင်ရှားပါသည်။

အကယ်၍ ကိုယ်တော်မြတ်ကြီးကသာ “ခါတမန်နဗီယီးန်” ၏ သဘောသကန်မှာ မိမိ၏ နောက်တွင် မည်သည့်တမန်တော်တစ်ပါးပါးမျှ ပွင့်ပေါ်စရာမရှိဟူ၍ သဘောပေါက် နားလည် မှတ်ယူထားခဲ့ပါလျှင်-

““အကယ်၍ သားတော် အစ်ဗရာဟင်မ်ကလေးသာ အသက်ရှင်လျက် ရှိခဲ့လျှင်လည်း “နဗီ” တမန်တော် ဖြစ်နိုင်ချေ မရှိ။ အကြောင်းမူ ကျွနု်ပ်သည် “ခါတမန်နဗီယီးန်” ဖြစ်သော ကြောင့်တည်း။”” ဟု မိန့်ဆိုခဲ့ရန်သာ ရှိပါသည်။

ဆန္ဒစော၍ ပြောလေ့ပြောထရှိကြသူတို့၏ ဓလေ့အတိုင်း ““သားတော်အစ်ဗ ရာဟင်မ်” ကလေး ကြီးပြင်း လာခဲ့ရင် နဗီဖြစ်မယ့်လက္ခဏာကို မြင်တာကတစ်ကြောင်း၊ တမန်တော်ကြီးကလည်း နောက်ဆုံးစွန်သော တမန်တော်ကြီး ဖြစ်နေတာက တစ်ကြောင်းတို့ကြောင့် အလ္လာဟ်အရှင်မြတ်က သားတော်ကလေးကို ချက်ချင်း အမိန့်ချပြီး အနိစ္စရောက်စေတော်မူလိုက်တာဖြစ်တယ်”” ဟု ပြောခဲ့ကြပါလျှင်။

၁။ ““အလ္လာဟ်”” သည်ကား “မူသဆရိဖ် ဘိလ်အီရာဒါ” ရည်မျှော်ချက် အနန္တအရှင်။ ကာလကြီး သုံးပါးစလုံးကို အကြွှင်းမဲ့ သိမြင်တော်မူသော အရှင်။ အစရှိသော “ဆွီဖသ်” ဂုဏ်တော်များကို လျှစ်လျူပြု ဘေးချိတ်ထားကြရပါလိမ့်မည်။

၂။ ““အလ္လာဟ်”” ၏ ဂုဏ်တော်များမှ တိမ်းပါးသော အတွေးအမြင် အယူအဆရှိသူတို့မှာ တစ်နည်း “အီလ်ဟာဒ်” ပြုသူတို့မှာ မိမိတို့ပြစ်မှု၏ အပြစ်ဒဏ်ကို မကြာမီအတွင်း ခံစားကြရမည့်အကြောင်း မြတ်ကုရ်အာန် (၇ း ၁၈၁) တွင် မိန့်ထားတော်မူ၏။

၃။ ထိုသို့ အတွေးအမြင်ရှိခြင်းမှာ ရင်သပ်အံ့သြစရာပင်။ အကြောင်းမူ “နဗီ” ခန့်ထားခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ တာဝန်သာ ဖြစ်သောကြောင့်တည်း။ အရှင်အလိုတော်ရှိလျှင် “နဗီ” ခန့်ထား စေလွှတ်တော် မူနိုင်သလို၊ အလိုမရှိလျှင်လည်း မည်သူကမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ “နဗီ” အဖြစ် မခန့်ထားနိုင်ချေ။ ရှေးခေတ်အဆက်ဆက်ကလည်း အရှင်မြတ်အလိုရှိသူကို “နဗီ” အဖြစ် ခန့်ထား တော်မူခဲ့လေ့ရှိသည်။ အရှင်မြတ်သိတော်မမူလိုက်ရဘဲနှင့် အရှင်မြတ်၏ အလိုတော် မရှိမူဘဲ၊ အဘယ်သူ တစ်ဦး တစ်ယောက်မျှပင် “နဗီ - ရစူလ်” ဟူ၍ မဖြစ်ခဲ့ဘူးချေ။ ၎င်းင်းပြင် မည်သူကမျှ သူ့ဖာသာ အလိုအလျှောက် “နဗီ” ဖြစ်ခဲ့ရခြင်းလည်း မရှိခဲ့ချေ။ သို့ဖြစ်ရာ အကယ်၍ “အစ်ဗရာဟင်မ်” သခင်လေးကို နဗီတမန်တော်အဖြစ် ခန့်ထားရန် အရှင်မြတ်၏ ရည်မျှော်ချက်ဆန္ဒ မရှိခဲ့ပါလျှင် ထိုသားတော်သည် အသက်ထောင်ချီ၍ ရှည်ခဲ့လျှင်လည်း “နဗီ” ဖြစ်နိုင်စရာအကြောင်း မရှိချေ။ သို့ကြောင့် “အစ်ဗရာ ဟင်မ်သခင်လေးမှာ” အရှင်မြတ်၏ ရည်ရွယ်မှန်းထားချက် ဆန္ဒမရှိပါဘဲနှင့် “နဗီ” တမန်တော်ဖြစ်လာမှာကြောင့် အရှင်မြတ်က ရုတ်တရက် သေစေတော်မူလိုက်ခြင်း ဖြစ်သည်ဟူသော အကြောင်းပြ ပြောဆို၊ ယူဆချက်မှာ လုံးဝ(လုံးဝ) အဟောသိက အတွေးအဆသာ ဖြစ်ပါသည်။ ရှေးပရံပရ ခေတ်အဆက်ဆက်ကတည်းက တမန်တော် ကြီးများ ပေါ်ထွန်းခဲ့ကြကာ သားသမီးများလည်း ထွန်းကားခဲ့ဖူးကြပြီး ဖြစ်ပါသည်။ သို့ကြောင့် ထိုတမန်တော်များမှ ဖွားမြင်ခဲ့လေသမျှသော သားတော် ဟူဟူသမျှ “နဗီ” အဆင့်ကို ခြွှင်းချက်မရှိပေးတော်မူခြင်းကို ခံခဲ့ရကြပါသလော။

““ကိုယ်တော်မြတ်ကြီး(ဆွ)သည် သခင်လေး၏ “ဂျနာဇာဟ်” နှင့်အတူ လိုက် ပါထွက်ခွာခဲ့ပြီး အခြားသူတို့မှာလည်း အတူထွက်ခွာ လိုက်ပါခဲ့ကြသည်။ ကိုယ်တော် မြတ်(ဆွ)သည် သခင်လေးအား “ဒဖန်” မြေချပြီး မိမိ၏ လက်တော်ကို သခင်လေး၏ “ကဗရ်” တွင်း၌ ထည့်ထားလျက် အလ္လာ့ဟ်အား တိုင်တည်လျက် ဆိုပါ၏။ သူသည် နဗီဖြစ်၏။ ထို့ပြင် နဗီ၏ သားဖြစ်၏ ဟု မိန့်ကြား တော်မူလေသည်။ ထို့နောက် ကိုယ်တော်မြတ်က ငိုကြွှေးလေသောအခါ အခြားသူတို့မှာလည်း ငိုကြွှေးကြ လျက် အသံပင် ထွက်လာခဲ့ပေတော့သည်။”” (အလ်ဖွသာဝါ၊ အလ်ဟဒီဆီယာဟ်ကျမ်း၊ စာ ၁၅၀။) ဤကား ဟဇရသ်အလီ ၏ ရေဝါယသ် - ဆင့်ပြန်ချက် ဖြစ်ပါသည်။

သက်သေပြချက် (ခ)

ဒုတိယ “ဟဒီးစ်တော်” တစ်ပုဒ်ကို ကျွနု်ပ် ဤနေရာတွင် ဖော်ပြလိုသည်မှာ ဟဇရသ်အဘူဘက္ကရ် ဆစ်ဒီးက်(ရဒီ) နှင့် စပ်လျဉ်း၍ ကိုယ်တော်မြတ်ကြီး မိန့်ကြားခဲ့သော အလွန်ကျော်ကြား လူသိများလှသည့် ““ဟဒီးစ်တော်” ဖြစ်ပါသည်။ ၎င်းမှာ -

““အဘူဘက္ကရ် သည် ကျွနု်ပ်၏ အွမ္မသ် (အဖွဲ့ဝင်တို့) တွင် နှောင်းကာလ၌ နဗီတမန်တော် တစ်ပါးပါး ပေါ်ထွန်းသည်မှလွဲ၍ အမြင့်မြတ်ဆုံးအဆင့်တွင် ရှိပေသည်။”” (ကနူဇုလ်ဟကာအီက်ကျမ်း၊ အီဂျစ်ပြည်ပုံနှိပ် - စာ ၇)

အခြားသော “ဟဒီးစ်တော်” တစ်ပုဒ်တွင်လည်း ကိုယ်တော်မြတ်က ဤသို့ မိန့်ထားတော်မူခဲ့ လေသည်။

““အဘူဘက္ကရ် သည် ဤအွမ္မသ်တွင် လူသားအမွန် ဖြစ်၏။ သို့သော် နဗီတမန်တော်တစ်ပါးပါး ပေါ်ထွန်းသည့်အထိ ဖြစ်သည်။””(အေမာမ်ဆယူတွီသခင်ပြုစုသော၊ ဂျာမေ့-အလ်-ဆဂီးရ်ကျမ်း၊ အီဂျစ်ပုံနှိပ်၊ စာ - ၅။)

ဤဟဒီးစ်တော်နှစ်ပုဒ်မှာ အဓိပ္ပါယ်တစ်မျိုးတည်း သက်ရောက်စေပါသည်။ ထို့ပြင် ဟဒီးဆ်ကျမ်းကြီး (၃) ကျမ်းမှ ကောက်နှုတ်ဖော်ပြထားသည်ဖြစ်၍ ရှင်းလင်းချက် တစ်စုံတရာမျှပင် မလိုအပ်ပါချေ။ [(၁)“ကနူဇွလ်ဟကာအိက်”ကျမ်းလာချက်ကို “ဒီလမီကျမ်း”တွင် ထပ်ဆင့်ဖော်ပြထားသည်။ (၂)“ဂျာမေ့အလ်ဆဂီးရ်”၏ ဖော်ပြချက်ကို “အစ်ဗနေ့အဒီ”က “တွစ်ဗရာနီကဘီးရ်”ကျမ်းတွင် ထပ်ဆင့်ဖော်ပြထားသည်။] ဤဟဒီးဆ် တော်တွင် ကျွန်ုပ်တို့၏ နှစ်ဘဝသခင်ကျေးဇူးရှင်ကြီး(ဆွ) က အဘယ်မျှ ရှင်းလင်းပြတ်သား မြင်သာထင်သာ လှသော စကားလုံးများဖြင့် ဖော်ပြထားသနည်းဟူမူ၊ ““ကျွနု်ပ်တို့၏ အွမ္မသ် အစုအဖွဲ့ဝင်တို့တွင် အဘူဘက္ကရ် (ရဒီ)၏ ဂုဏ်အဆင့်မှာ အားလုံးတို့ထက် အမြင့်ဆုံးတွင် ရှိပေ၏။ သို့သော် အကယ်၍ “နဗီ” တမန်တော်တစ်ပါး ပေါ်ထွန်းလာခဲ့လျှင်မူကား အခြေ အနေတစ်မျိုး ဖြစ်၏။”” ဟု ဖော်ပြထားလေသည်။ အဘယ်ကြောင့် ဆိုသော် “နဗီ” တမန်တော်တစ်ပါး၏ ဂုဏ်ဒြပ်အဆင့်အတန်းသည် “နဗီ” တမန်တော် မဟုတ်သူတို့ထက် မည်သို့ပင်ဆိုစေ မြင့်မားခြင်းကြောင့် ဖြစ်သည်။ ဤဟဒီးစ်တော်များမှာ စကားလုံး သုံးစွဲပုံများအရရော၊ အဓိပ္ပါယ် သဘောသကန်အရပါ၊ ယင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ သံသယဒွိဟ ဖြစ်စရာအကြောင်း မရှိနိုင်အောင် လင်းဝင်း ထင်ရှားစွာ ကွင်းကွင်း ကွက်ကွက် သိမြင်နိုင်အောင် ဖော်ပြထားပေသည်။ ထို့ပြင် ဤဟဒီးစ်တော် များမှာ ကျွနု်ပ်တို့ တီထွင်လုပ်ကြံဖန်တီးထားသည်များ မဟုတ်မူ၍ ရှေးနှစ်ပေါင်းများစွာ ကတည်း က အစ္စလာမ့်ကမ္ဘာတွင် ဟိုးလေးတကျော်ရှိလှပြီး မသိသူရှားပါးလှသော ဟဒီးစ်တော် ဖြစ်ပေသည်။ ထိုမှတစ်ပါး ဤဟဒီးစ်တော်များကို မှတ်တမ်းတင်သည့်ပုဂ္ဂိုလ် နှစ်ဦးမှာလည်း မွတ်စလင်တို့အတွင်းမှ ကြီးမြင့်လှစွာသော ရှေးပညာရှင်ကြီးများဖြစ်ကြ သည့် “အေမာမ်မိုနာဝီနှင့် အေမာမ်ဆုယူတွီ” တို့ဖြစ်ကြပေသည်။ ဤတွင်မက ဤဟဒီးစ်တော်များကို ကျွနု်ပ်တို့ ဘာသာပြန်ဆိုထားချက်မှာလည်း အာရဗီသဒ္ဒါနှင့်အညီ တိတိကျကျ မှန်မှန်ကန်ကန် ပြန်ဆိုထားကြောင်းကို အာရဗီသဒ္ဒါကို နားလည်သူတို့ အနေနှင့် အလွယ်တကူ စစ်ဆေးတွေ့ရှိနိုင်မည် ဖြစ်ပါသည်။ အကယ်၍ ဤဟဒီးစ် တော်များတွင် နဗီးယွန် ဟူသော စကားလုံးကို နဗီးယန် ဟူသော အသွင်ဖြင့် ဖော်ပြခဲ့သည်ရှိသော် အမှန်ပင် ဤသို့အဓိပ္ပါယ် ပြန်ဆိုရပါလိမ့်မည်။

““အဘူဘက္ကရ်(ရဒီ) သည် နောက်ပိုင်းတွင် သူကိုယ်တိုင် နဗီတမန်တော်အဖြစ်ကို ခံယူရသည်မှတစ်ပါး အွမ္မသ်တွင် အမြင့်ဆုံး အဆင့်တွင်ရှိသည့် လူသားဖြစ်၏။””

သို့ရာတွင် ဤပုံစံဖြင့်ဆိုလျှင် ဤဝါကျမှာ လုံးဝအချည်းနှီး အဓိပ္ပါယ်မဲ့သော စကား ဖြစ်သွားပေလိမ့်မည်။ အကြောင်းမူ အဘူဘက္ကရ် သခင်သည် ပုံစံနှစ်မျိုးစလုံး၌ ဂုဏ်ဒြပ်မြင့်မြတ်ရမည်သာ ဖြစ်သောကြောင့်တည်း။ ထို့ပြင် ယင်းသို့ ဆိုလိုရင်းဖြစ်မူ ဤဟဒီးစ်တော်တွင် အိလ္လာ(မှတစ်ပါး၊ ယင်းမှလွဲ၍) ဟူသော စကားလုံးကို သုံးနှုန်းဖော်ပြရန် လုံး၀ မလိုအပ်ရုံသာမက စကားနှုံးဖွဲ့မှုမှားသည်ဟု သတ်မှတ်ရမည်။ မည်သို့ဆိုစေ ကျွနု်ပ်တို့ ဖော်ပြပြီးဖြစ်သည့်အတိုင်း လူပုဂ္ဂိုလ်တိုင်းအနေဖြင့် မူရင်းကျမ်းကို ရှာဖွေဖတ်ရှုပြီး မိမိတို့ဘာသာ ကျေနပ်မှု ရယူနိုင်ကြပါသည်။ ဤဟဒီးစ်တော်တွင် နဗီးယွန်ဟူသည့် စကားလုံးမှာ “အမွှမ်းတင် ချီးမြှောက်ခြင်းအနေဖြင့် သုံးနှုံးဖော်ပြထားသည်။ ခန့်ထားသတ်မှတ် သောအနေဖြင့် ဖော်ပြခြင်း မဟုတ်ချေ။ သို့ကြောင့် “ဟဒီးစ်တော်” ၏ အသင့်လျော်ဆုံးနှင့် အမှန်ကန်ဆုံးသော အဓိပ္ပါယ်သဘောမှာ-

““အဘူဘက္ကရ်သည် ကျွနု်ပ်၏ အွမ္မသ် (အဖွဲ့ဝင်တို့) တွင် နှောင်းကာလ၌ နဗီတမန်တော် တစ်ပါးပါး ပေါ်ထွန်းလာသည်မှလွဲ၍ အမြင့်မြတ်ဆုံးအဆင့်တွင် ရှိပေသည်။”” ဟူ၍သာတည်း။

သက်သေပြချက် (ဂ)

ယခု ကျွနု်ပ်အနေနှင့် ကြွှ့ရောက်ပွင့်ပေါ်ရန်ရှိသော “မဆိဟ်” အား “နဗီ” ဟူသောအနွတ္တသညာဖြင့် ပြတ်ပြတ်သားသား ကင်းပွန်းတပ်မှည့်ခေါ်ထားသော “ဟဒီးစ်” တစ်ပုဒ်ကို ဆက်လက်ဖော်ပြပါမည်။ ကျွနု်ပ်တို့၏ နှစ်ဘဝသခင် ကျေးဇူးတော်ရှင် ဖြစ်တော်မူသော ကိုယ်တော်မြတ်ကြီးမူဟမ္မဒ်သခင်ကိုယ်တော်တိုင်က ကျမ်းချက် ကတိတော်များနှင့်အညီ ပေါ်ထွန်းလာရန်ရှိသော ပုဂ္ဂိုလ်ကို “နဗီ” တမန်တော်ဟူ၍ ခေါ်ဆိုထားခဲ့ကြောင်း မှန်ကန်သော ဟဒီးစ်ကျမ်းကြီးတစ်ကျမ်းတွင် ဤသို့ ကမ္ဗည်းထိုး မှတ်တမ်းတင်ထားလေသည်။

““သာဝကကြီး အဘူဟူရိုင်ရာ မှဆင့်ပြန်၏။ တမန်တော်မြတ် မိန့်ကြားတော်မူခဲ့သည်မှာ- ပွင့်ပေါ်ရန်ရှိသော မဆိဟ်(အီဆာ)နှင့် ကျွနု်ပ်၏ အကြားတွင် အခြားမည်သည့် “နဗီ” တမန်တော်မျှမရှိချေ။ ထို့ပြင် သူ (မဆိဟ်) သည် ဧကန်မလွဲ အသင်တို့အတွင်း ပွင့်ပေါ်လိမ့်မည်။ သို့ဖြစ်ရာ သူရောက်လာလျှင် အသင်တို့သည် သူ့အားမြင်လျှင်မြင်ချင်း မှတ်မိလိုက်ကြကုန်။ ထိုလာရောက်ရန်ရှိသူမှာ အရပ်အမောင်း အလယ်အလတ်ရှိလိမ့်မည်။ ထို့ပြင် အနီရောင်သန်းသည့် ဖြူသော အသားအရောင်ရှိမည်။ သူသည် အစ္စလာမ် သာသနာကို ကူညီထောက်မလျှက် အခြားဘာသာဝင်တို့ကို ရင်ဆိုင်ယှဉ်ပြိုင်ပေလိမ့်မည်။ ထို့ပြင်သူသည် လက်ဝါး ကပ်တိုင်ဝါဒကို ရိုက်ချိုးဖျက်ဆီးပစ်လိမ့်မည်။ ၎င်းပြင် ဝက်ကဲ့သို့သော အရှက်ကင်းမဲ့ ညစ်ညမ်းသည်တို့ကို ဖျောက်ဖျက်သုတ်သင်လိမ့်မည်။ ထိုမှတစ်ပါး ထိုကာလတွင် သာသနာတော်အတွက် ဓါးလက်နက်ဖြင့် တိုက်ခိုက်ရသည့် စစ်ပွဲရှိမည်မဟုတ် သောကြောင့်၊ “ဂျဇီယာ” ကို ဖျက်သိမ်းလိုက်ပေလိမ့်မည်။”” (အဘူဒါဝုဒ်ကျမ်း၊ ကီတာ ဘုလ်မုလာဟင်မ်၊ ဘာဘ်ခုရူဂျူလ်ဒတ်ဂျာလ်။)

ဤ “ဟဒီးစ်တော်” တွင် ကျွနု်ပ်တို့၏ နှစ်ဘဝသခင်ကျေးဇူးတော်ရှင် (ဆွ)ကိုယ်တော်တိုင်၏ ရွှေနှုတ်တော်မှ ပွင့်ပေါ်ရန်ရှိသော “မဆိဟ်” အား “နဗီ” တမန်တော် ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သောကြောင့် တမန်တော်မြတ်ကြီး၏ နောက်ပိုင်းတွင် ပွင့်ပေါ်လာရောက်ရန်ရှိသူမှာ “နဗီ” တမန်တော်ဖြစ်မည်ဆိုသည့် အကြောင်းကို ကွင်းကွင်း ကွက်ကွက် သိမြင်ကြရသဖြင့် မည်သို့သော ရှင်းလင်းချက်များနှင့် ထောက်ခံချက်များကို မျှပင် ဖော်ပြရန်လိုအံ့ မထင်ပါ။

ထို့ပြင် “ခါတမန်နဗီယီးန်” အာယတ်တော်ကို မှားယွင်းစွာ သဘောကောက်ယူခြင်း အားဖြင့် လာရောက်ရန်ရှိသော “မဆိဟ်” နှင့် စပ်လျဉ်းပြီး သူသည် အမှန်တကယ်အနေဖြင့် “နဗီ” တမန်တော် မဟုတ်မူဘဲ ကျယ်ကျယ်ပြန့်ပြန့် နားလည်လိုသဖြင့် သာမန်စကားအရာထား၍ “နဗီ” ဟူသောအမည်ကို သုံးစွဲလိုက်ခြင်း ဖြစ်သည်ဟု မထင်မှတ်ရလေအောင် ရည်ရွယ်၍ ကိုယ်တော်မြတ်(ဆွ)က ဤဟဒီးစ် တော်တွင် ယေဘူယျအသုံးအနှုန်းကို ရှောင်ပြီး တွေးခေါ်မြော်မြင်စရာတို့ဖြင့် ပြည့်နက် လှသော ဝေါဟာရများကို သုံးနှုံးဖော်ပြလျက် -

““ကျွနု်ပ်နှင့် ဤပွင့်ပေါ်ရန်ရှိသည့် မဆိဟ်၏ အကြားတွင် မည်သည့် “နဗီ” တမန်တော်၊ တစ်ဦးတစ်ယောက်မျှ မရှိ။”” ဟု မိန့်ကြားခဲ့ပေသတည်း။

ဟဒီးစ်တော်တွင် အထူးပြုဖော်ပြထားသော အတွေးအမြင် ဒဿန

မိမိ၏ စကားစုအတွင်း ဝိသေသထူးသော စကားလုံးများဖြင့် ဖော်ပြထားသောဤသြဝါဒတော်၏ ဖော်ပြမှုတွင် ““နားလည်ထားကြကုန် ပွင့်ပေါ်ရန်ရှိသော မဆိဟ်အား သာမန်စကားအရာအားဖြင့် မှည့်ခေါ်ထားသော “နဗီ” ဖြစ်သည်ဟု မမှတ်ယူကြလင့်။ သူသည် ကိုယ်တိုင်ကိုကြပ် တမန်တော်ဖြစ်ခြင်း အားလျော်စွာ ကျွနု်ပ် (တမန်တော်မြတ်) “နဗီ” တမန်တော်ဖြစ်သကဲ့သို့ပင် သူ (ပွင့်ပေါ်ရန်ရှိသော မဆိဟ်) သည်လည်း “နဗီ” တမန်တော် အမှန်တကယ် ဖြစ်ပေလိမ့်မည်။”” ဟူသောအချက်ကို ထူးထူးခြားခြား ရည်ညွှန်းဖော်ပြလိုကြောင်း သိသာထင်ရှားလှပေသည်။ ကျွနု်ပ်တို့၏ ကိုယ်တော်မြတ်ကြီး ၏ ဝေါဟာရကြွှယ်စွာ စကားဆိုတတ်ပုံကား အံ့ချီးဖွယ်ပင် ဖြစ်ပါ၏။

ကိုယ်တော် မြတ်ကြီး၏ စကားလုံးတိုင်းသည် ဗဟုသုတ ဉာာဏ်အမြော်အမြင် အတွေးအခေါ် ဒဿနတို့ဖြင့် ပြည့်နှက်လျက် ရှိပါပေသည်။ အကယ်၍သာ ကိုယ်တော်မြတ်ကြီးက “ပွင့်ပေါ်လာရောက်ရန်ရှိသော မဆိဟ်သည် နဗီတမန်တော်တစ်ပါးဖြစ်မည်” ဟူရုံမျှသာ ဆိုခဲ့ပါမူ၊ ဤအကြောင်းကိစ္စတွင် ပေါ်ပေါက်လာနိုင်စရာရှိသော လွဲမှားသည့် အတွေး အထင်ကို မျက်မှောက်ထားစဉ်းစားပြီး သံသယဖြစ်နိုင်သူတို့ အနေနှင့် ဤနေရာ၌ “နဗီ” ဟူသောစကားလုံး လာရှိထားသည်မှာ သာမန်စကားအရာထား၍ သုံးစွဲခဲ့ခြင်းသာ ဖြစ်တန်ရာသည် အမှန်တကယ် “နဗီ” ဟုဆိုခြင်း မဟုတ်ဟူသော သံသယ ဝဲသြဃတွင် ဆိုက်ရောက်နိုင်စရာ ရှိသောကြောင့် ဖြစ်၏။ သို့ရာတွင် ကိုယ်တော်မြတ်ကြီးသည် ““လိုင်းစာဘိုင်းနီဝါဘိုင်းနဟူနဗီယွန်း”” (ကျွနု်ပ်နှင့် ထိုမဆိဟ်၏ အကြားတွင် နဗီတမန် တော်တစ်ဦးတစ်လေမျှ မရှိ။) ဟူသော ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံလှသော စကားလုံးများကို သုံးစွဲလျက် “ကျွနု်ပ်သည် အလ္လာဟ်အရှင်မြတ်၏ နဗီတမန် တော်ဖြစ်သကဲ့သို့ပင် ပွင့်ပေါ်လာမည့် မဆိဟ်သည်လည်း အလ္လာဟ်၏ နဗီတမန်တော် ဖြစ်ချိမ့်မည်ဟု အထူးတလည် မိန့်မှာထားခဲ့သည့်အပြင် ““ကျွနု်ပ်၏ အစေတော် တပည့်ရင်းနှင့် ပုံရိပ်စသည်ဖြစ်ပင်ငြားလည်း ၎င်းင်း၏ နဗီတမန်တော်ဖြစ်ခြင်း ကိစ္စတွင် တစ်စုံတစ်ရာ သံသယဖြစ်စရာ လုံးလုံးမရှိချေ။ အဘယ့်ကြောင့်ဆိုသော် “အွမ္မတေ မူဟမ္မဒီယာ” (တမန်တော်မြတ် မူဟမ္မဒ်သခင်၏ အမျိုးသားများ) ၏ ဤမှာဘက် အစွန်းထိပ်တွင် ကျွနု်ပ် (တမန်တော်မြတ်) သည် စောင့်ကြပ်၍ ရပ်နေ၏။ ထိုမှာဘက် အစွန်းထိပ်တွင် ဤပွင့်ပေါ်ရန်ရှိသော မဆိဟ်သည် ရှိနေမည်ဖြစ်ပြီး ကျွနု်ပ်တို့နှစ်ဦး၏ အကြားတွင် အခြားနဗီတမန်တော်တစ်ပါးတစ်လေမျှပင် မရှိသောကြောင့်တည်းဟူ၍ ဆိုလိုခြင်း ဖြစ်ပေသည်။

ဤဟဒီးစ်တော်မှာ အယူမသီးသော လူသားတိုင်းအနေနှင့် ဆိုလိုသည့် သဘောသကန်နှင့်စပ်လျဉ်း၍ တစ်စက္ကန့်ကလေးသော်မျှ သံသယမပွားရစေခြင်းအလို့ငှာ ကွင်းကွင်းကွက်ကွက် ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ထိုမှတစ်ပါး “လိုင်းစာဘိုင်းနီဝါဘိုင်းနဟူနဗီယွန်း” ဟူသော စကားရပ်တွင် ““အကယ်၍ ကတိတော်အရ ပွင့်ပေါ်မည့် မဆိဟ်သခင် မပေါ်ထွန်းမီ၊ ကျွနု်ပ် (တမန်တော်မြတ်) ၏ “အွမ္မသ်” အမျိုးသားများအတွင်း မည်သည့်ပုဂ္ဂိုလ်တစ်စုံတစ်ဦးမဆို “နဗီ” ဖြစ်ကြောင်းကြေညာခဲ့လျှင် ထိုသူအား အလျင်းလက်မခံကြကုန်လင့် အကြောင်းမူ ““ကျွနု်ပ်နှင့် မဆိဟ်၏အကြားတွင် တခြားမည်သည့်နဗီတစ်ပါးသော်မျှ ပေါ်ထွန်းနိုင်စရာ မရှိသောကြောင့် ဖြစ်၏။”” ဟူသည့် ရည်ညွှန်းချက်လည်း ပါရှိထားပေသည်။

ဤဟဒီးစ်တော်တွင် တစ်ဘက်ကကြည့်လျှင် ပွင့်ပေါ်လာရောက်ရန်ရှိသော ကတိတော်ရ မဆိဟ်၏ ကြေညာခြင်းကို ထောက်ခံထားတော်မူချက်ပါရှိပြီး အခြား တစ်ဘက်တွင်လည်း အကယ်၍ ကတိတော်အရ ပွင့်ပေါ်သော မဆိဟ် သခင်ထက်စော၍ မည်သူတစ်ဦးတစ်ယောက်မဆို နဗီအဖြစ် ကြေညာသူ ပေါ်လာခဲ့လျှင် ထိုသူမှာလူလိမ်လူညာသာဖြစ်၍ ယင်းသူအား အလျင်းလက်မခံ မယုံကြည်ကြရန် သတိပေးနှိုး ဆော်ချက်လည်း ပါရှိပေသည်။ မည်သို့ဆိုစေ ဤဟဒီးစ်တော်မှာ “ကတိတော်ရ ပွင့်ပေါ်မည့် မဆိဟ်” သည် နဗီတမန်တော် ဖြစ်လိမ့်မည်ဆိုသည်ကို ပွင့်လင်းထင်ရှား သော စကားလုံးများဖြင့် ကြေညာမောင်းခတ်လျက် ရှိပေသတည်း။

သက်သေပြချက် (ဃ)
ယခုဆက်လက်၍ negative ဆန့်ကျင်သည့် သဘောပါရှိသော ဟဒီးစ်တော် အချို့ကို ဖော်ပြ၍ ရှင်းပြသွားပါမည်။

“ခတမေနဗူဝသ်” ပြဿနာနှင့် ပတ်သက်၍ တမန်တော်မြတ်ကြီး(ဆ၏ နှောင်းပိုင်းတွင် တမန်တော် ပွင့်ပေါ်နိုင်သေးကြောင်းကိစ္စကို လက်ခံသည့်သဘော ပါရှိသည့် ဟဒီးစ်တော် အမြောက်အမြားမှ (၃) ချက်ကို တင်ပြဆွေးနွေးပြီးနောက် (အချို့သော ဟဒီးစ်တော်များကို “ခါတမန်နဗီယီးန် အာယတ်တော်ကို မြတ်ကုရ်အာန်ဖြင့် မှတ်ကျောက်တင်ခြင်း” အခန်းနှင့် ယင်း၏ ရှေ့ပိုင်းတွင် သာဓကများပြ၍ တင်ပြဆွေး နွေးခဲ့ပြီး ဖြစ်ပါသည်။) ယခုဆက်လက်၍ ငြင်းချက်လက္ခဏာ ဆန့်ကျင်သည့် သဘော ပါရှိသော ဟဒီးစ်တော်များကို တင်ပြဆွေးနွေးမည် ဖြစ်ပါသည်။ ငြင်းချက် လက္ခဏာပါရှိ သော ဟဒီးစ်တော်များဟူသည် သာမန်အားဖြင့် တမန်တော်မြတ်ကြီး၏ နောက်ပိုင်း ကာလများတွင် တမန်တော်ပွင့်ပေါ်ခြင်း အစဉ်အဆက်ပြတ်တောက်၍ ပိတ်သွားခဲ့ပြီဟု ထင်မှတ်စရာရှိသော ဟဒီးစ်တော်များကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသို့သော ဟဒီးစ်တော်များမှာ အမျိုးမျိုးအစားစား ရှိပါသည်။ ထို့ကြောင့် ဤဟဒီးစ်တော်များတွင် ကိုယ်တော်မြတ်ကြီးက စကားလုံးမျိုးစုံဖြင့်လည်း သုံးနှုန်း ဖော်ပြတော်မူခဲ့ပါသည်။ ပမာအားဖြင့် အချို့ဆင့်ပြန်ချက်တွင် “လားနဗီယာဘာ့အ်ဒီ” (ကျွနု်ပ်၏ နောက်ပိုင်းတွင် မည်သည့်တမန်တော်တစ်ပါးမျှ မရှိတော့ပြီ) ဟူ၍ လည်းကောင်း၊ အချို့တွင် “လောင်ကားနာ ဘာအ်ဒီ နဗီယွန်လကားနာ အုမ္မရ်” (အကယ်၍ ကျွနု်ပ်၏ နောက်၊ မည်သူတစ်ဦးတစ်ယောက်မဆို နဗီဖြစ်နိုင်စရာ ရှိခဲ့လျှင် အုမ္မရ်သည် နဗီဖြစ်ခဲ့မည်သာ) ဟူ၍ လည်းကောင်း၊ အချို့တွင် “အင်နီအာခီရွလ် အန်ဗီယာအ်” (ကျွနု်ပ်သည် နောက်ဆုံးနဗီဖြစ်၏။) ဟူ၍ လည်းကောင်းစသည်ဖြင့် ဖော်ပြထားတော်မူခဲ့ပါသည်။

ယင်းတို့အနက် ဟဒီးစ်တော်တစ်ပုဒ်မှာ -

ဤဟဒီးစ်တော်ကို ယခုလို အဓိပ္ပါယ် ပြန်ဆိုကြပါသည်။

““ဤ “အွမ္မသ်” အမျိုးသားထုအတွင်း၌ မုသားဆိုသူ “ဒဂျာလ်” သုံးဆယ်ပေါက် ဖွားလိမ့်မည်။ ယင်းတို့မှ အားလုံးတို့သည် မိမိတို့မှာ နဗီဖြစ်သည်ဟု ထင်မှတ်ခြင်း သို့မဟုတ် ကြေညာခြင်းကို ပြုကြလိမ့်မည်။ အမှန်သော်ကား ကျွနု်ပ် (တမန်တော်မြတ်) မှာ နဗီတမန်တော်များတွင် “ခါတမ်” ဖြစ်ပေသည်။ ထို့ပြင် ကျွနု်ပ်၏နောက်တွင် မည်သည့်အမျိုးအစားဖြင့်မှ မည်သည့်တမန်တော်မျှ မရှိတော့ချေ။ သို့ကြောင့် ယင်းသို့
ပြန်ဆိုကြပြီးနောက် ဤဟဒီးစ်တော်ရှိနေပါလျက်နှင့် “နဗူဝသ်” တမန်တော်စနစ်၏ တစ်စုံတစ်ရာသော ရှင်းလင်းချက်အားဖြင့် “နဗီ” တမန်တော် ပွင့်ပေါ်နိုင်စရာ တံခါး ပေါက်ပွင့်လျက်ရှိကြောင်းကို မည်သို့တင်ပြနိုင်ပါမည်နည်းဟု ဆိုကြလေသည်။

ဤသည်မှာ လုံးဝမှန်ကန်သင့်မြတ်လှပါသည်။ ထို့ပြင် ကျွနု်ပ်တို့ အနေဖြင့် တမန် တော်မြတ်ကြီးက တကယ်လို့ အကြင်တံခါးတစ်ပေါက်ကို ပိတ်နေပါလျှင် အဲ့ဒိ တံခါးကို ဖွင့်ဖို့ရာ ဘယ်သူ့မှာမှ အခွင့်အာဏာမရှိကြောင်းကို ရာနှုန်းပြည့် သဘော ကြိုက်ညီမှုရှိပါသည်။

ကျွနု်ပ်တို့အနေနှင့် ဒါကို “အာမန်နာ ဝါဆဒ်ဒက္ကနာ” ယုံကြည် ထောက်ခံမှု ပြုကြပါ၏။ အဟ်မဒီယာမွတ်စလင် အဖွဲ့ဝင်အားလုံးတို့ဘက်မှ ဤစကား ရပ်ကို သဘောတူကြောင်း ကြေညာပါ၏။

ဒါ့အပြင် တမန်တော်မြတ်ကြီး(ဆွ)က မိမိရဲ့လက်တော်များဖြင့် အကြင်တံခါးပေါက်ကို ပိတ်ထားပြီးဖြစ်ပါလျှင် ဘယ်မိခင်ကမှ ဒီတံခါးကို ဖွင့်မယ့်သားကို မွေးဖွားတော့မှာ မဟုတ်ဘူးဆိုတာကို စိုးစဉ်းမျှ သံသယမရှိ လက်ခံကြပါသည်။ ဒါပေမယ့် ကိုယ်တော်မြတ်ကြီး(ဆွ) ကိုယ်တိုင်ကပဲ မိမိရဲ့တခြားလက် တစ်ဘက်နဲ့ အကြင်တံခါးပေါက်ကို ဖွင့်လှစ်ခဲ့ပါလျှင်လည်း အဲ့ဒါကို ဘယ်သူကမှ ပိတ်နိုင်မှာ မဟုတ်ပါဘူး။
ဤသည် အခြေအတင်ဆွေးနွေးရမည့် အခြေခံပြဿနာ ဖြစ်ပါသည်။ ကိုယ်တော်မြတ်ကြီး(ဆွ)က အကြင်လမ်းပေါက်ကို ပိတ်ခဲ့ပါလျှင် အဲ့ဒီလမ်းဟာ ပိတ်မြဲပိတ်လျက် ရှိမှာပါ။ ဒီအကြောင်းရပ်မှာတော့ ဘယ်လို ဝိရောဓိမှ ရှိလို့မရပါဘူး။ ဒါပေမယ့် ကိုယ်တော်မြတ်(ဆွ)က အကြင်လမ်းကို ဖွင့်လှစ်ထားခဲ့ပါလျှင်လည်း အဲဒီ့လမ်းဟာ ပွင့်လျက်ပဲရှိနေမှာပါ။

ကြွှလာရန်ရှိသော မဆိဟ်သည် နဗီယွလ္လာဟ်ဖြစ်လိမ့်မည်။ ဝိရောဓိဖြစ် တဲ့ အဓိကအချက်က ဒါလေးပါပဲ။ ဒါ့ကြောင့် (အထက်တွင် ဖော်ပြပါ) ဤဟဒီးစ်တော်ကို ကြားနာခဲ့ကြပြီးနောက် ကြွှရောက်လာစရာ ရှိတဲ့ “မဆိဟ်” နဲ့ပတ်သက်ပြီး ကိုယ်တော် မြတ်ကြီးမူဟမ္မဒ်သခင်(ဆွ)ရဲ့ ဆွဟီဟ်မွတ်စလင်၊ ကီတာဗုလ် ဖတန်၊ ဇစ်ကရွတ်ဒဂျာလ် မှာ လာရှိထားတဲ့ မိန့်မှာချက်ကိုလည်း နားသောတဆင်မြန်း တော်မူကြပါဦး။ ဟဒီးစ်တော်က အနည်းငယ်ရှည်တဲ့အတွက် ကျွနု်ပ်အနေနဲ့ အဲ့ဒါနဲ့ ပတ်သက်တဲ့အပိုင်းများကို ဖတ်ကြားပြပါမယ်။ တမန်တော်အီဆာ သို့မဟုတ် မရ်ယမ်၏သား မဆိဟ်ကြွှရောက်လာမည့်အကြောင်းကို ဖော်ပြရင်း တမန်တော်မြတ် ကြီးက မိန့်တော်မူသည်မှာ -


““၁အလ္လာဟ်၏ နဗီတမန်တော် အီဆာ (ဆွလ္လလ္လာဟိုအလိုင်ဟေဝါဆလာမ်) နှင့် သူ၏ ဆွဟာဘဟ် သာဝက (ရသွီယလ္လာဟိုအန်ဟွမ်) တို့ကိုပါ ဝိုင်းရံထားခြင်းကို ခံရပေလိမ့်မည်။ ထိုမှတဖန် ၂အလ္လာဟ်၏ နဗီတမန်တော်အီစာ (ဆွလ္လလ္လာဟိုအလိုင်ဟေဝါဆလာမ်) နှင့် သူ၏ ဆွဟာဘဟ်သာဝက (ရသွီယလ္လာဟိုအန်ဟွမ်) များသည် အခက်အခဲဒုက္ခများစွာတို့မှ လွတ်ကင်းလျက် ရန်သူတို့၏ တပ်တွင်းသို့ ထိုးဖောက် ဝင်ရောက်သွားကြပေလိမ့်မည်။

ထိုမှတစ်ပါး ၃အလ္လာဟ်၏ နဗီတမန်တော်အီဆာ (ဆွလ္လလ္လာဟိုအလိုင်ဟေဝါဆလာမ်) နှင့် သူ၏ ဆဟာဘဟ်သာဝက (ရသွီယလ္လာဟိုအန်ဟွမ်) တို့မှာ ဒုတိယအကြိမ် “ဒိုအာ” ဆုတောင်း၍ အလ္လာ့ဟ်ဘက်သို့ အာရုံပြုကြပေလိမ့်မည်။”” ထိုမှတဖန် ၄အလ္လာဟ်၏ နဗီတမန်တော် အီဆာ နှင့် သူ၏ ဆွဟာဘာဟ်(ရသွီယလ္လာဟိုအန်ဟွမ်) များသည် အခက်အခဲဒုက္ခများစွာမှ လွတ်ကင်းလျက် ရန်သူတို့၏တပ်တွင်းသို့ ထိုးဖောက်ဝင်ရောက် သွားကြပေလိမ့်မည်။ (ညွှန်းပြီး)

ဒီဟဒီးစ်တော်မှာ ကိုယ်တော်မြတ်ကြီးက လေးကြိမ်လေးခါတိုင်အောင် ပွင့်ပေါ်ရန်ရှိတဲ့ “မဆိဟ်” ကို “နဗီယွလ္လာဟ်” အလ္လာဟ်၏ နဗီတမန်တော်လို့ ရေရွတ် မိန့်ကြားတော်မူခဲ့ပါတယ်။ ဒါ့ပြင် ဆွဟီဟ်မွတ်စလင်မ်ကျမ်းဟာလည်း “ဆွဟာစစ်တာဟ်” မှန်ကန်ပြီး စိတ်အချရဆုံးဟဒီစ်ကြီး (၆) ကျမ်းဖြစ်တဲ့ အရေးပါလှတဲ့ ကျမ်းကြီးကျမ်းခိုင် တွေထဲက တစ်ကျမ်းဖြစ်ပါတယ်။ တကယ်လို့ ပွင့်ပေါ်ရန် ရှိသူဟာ ရှေးတမန်တော် ဟောင်း တစ်ပါးသာ ဖြစ်ပါတယ်။ ပြီးတော့ နောင်ကာလတစ် လျှောက်လုံး ဘယ်သူတစ် ဦးတစ်ယောက်သော်မျှ “ဆွဟာဘဟ်” သာဝကရယ်လို့ မပေါ်ထွန်းနိုင်တော့ဘူးလို့ဆိုရင် ကြွှရောက်ပွင့်ပေါ်လာမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ နဗီတမန်တော်ရဲ့ အဆွေတော် သာဝကကြီးတွေကို “အဆွ်ဟာဘုဟူ” သူ၏ သာဝကများဆိုပြီး ဘာကြောင့် ကိုယ်တော် မြတ်(ဆွ)က ခေါ်ဆိုခဲ့ရပါသလဲဆိုတဲ့ အမေးပုစ္ဆာ ပေါ်ထွက်လာပါလိမ့်မယ်။ ဒါတင် မကသေးဘဲ အဲ့ဒိဂုဏ်ဒြပ်နဲ့အတူ “ရသွီယလ္လာဟု အန်ဟွမ်” ဆိုတဲ့ အသုံးအနှုန်းကိုပါ ဘာပြုလို့ သုံးနှုန်းဖော်ပြထားရပါသလဲ။

ဒါဟာ တမန်တော်မြတ်ကြီးရဲ့ နောက်ပိုင်းကာလ (အနာဂတ်) မှာ ဖြစ်ပေါ်လာမယ့် ဖြစ်ရပ်အကြောင်းနဲ့ အဲ့ဒါကို ကိုယ်တော်မြတ်ကြီးက အလ္လာ့ဟ်ရဲ့ အသိပေးတော်ဟူချက်အားဖြင့် အနာဂတ္တိနိမိတ်ဟော စကားမြက်ကြားခဲ့တာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

သို့ဖြစ်တာကြောင့် ဒဂျာလ်တွေ မုသားလိမ်လည်သူတွေနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်မှ ကင်းဝေးသူ လာအ်နသ်ကျသူတွေ သုံးဆယ်မက သုံးသိန်းမျှ ပေါ်ပေါက် လာကြစမ်းပါစေ။ တမန်တော်မြတ်ကြီး (ဆွ) က ပွင့်ပေါ်ရန်ရှိတဲ့ အီဆာ (သို့) မဆိဟ်ကို “အလ္လာဟ်၏နဗီတမန်တော်” ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ထားတာကို ကမ္ဘာပေါ်ရှိ ဘယ်လိုစွမ်း အားကမျှ လုယူနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ကိုယ်တော်မြတ်ကြီး မူဟမ္မဒ်သခင်(ဆွ) က ပေးသနားချီးမြှင့်တဲ့ဘွဲ့ကို လုယူနိုင်သူ ဘယ်သူရှိပါဦးမှာလဲ။

ရုရှဧကရာဇ် ဇာဘုရင်နဲ့ ပတ်သက်ပြီး ဖြစ်ရပ်တစ်ခု လာရှိထားပါတယ်။ တစ်ခါက သူဟာ မိမိရဲ့ တပ်သားတစ်ယောက်ကို ငါဘုရင်မင်းမြတ် အင်မတန်အရေး ကြီးတဲ့ ကိစ္စတစ်ခု ရှိနေတယ်။ ဒါ့ကြောင့် မောင်မင်း ဒီနေရာကို ဘယ်သူ့ကိုမှ မလာရောက်စေရဘူးလို့ အမိန့်ပေးခဲ့တယ်။ ဒီအတွက် အဲ့ဒိတပ်သားဟာ ရင်ကိုကော့ပြီး ရပ်တန့်စောင့်ကြပ်၍ နေခဲ့ပါတယ်။ အတန်ကြာတဲ့အခါ ဇာဘုရင်ရဲ့ သားတော်က မိမိရဲ့ ခမည်းတော် (ဘုရင်ကြီး) နဲ့တွေ့ဖို့ လျှောက်သွားတဲ့အခါမှာ တပ်သားကလေးက အသင်မင်းသား ရှေ့ဆက်ပြီး မသွားရပါဘူးလို့ ဘုရင့် သားတော်ကို တားမြစ်လိုက်ပါ တယ်။ မင်းသားက မင်းက ဘာမို့လို့ ငါ့ကို တားရတာလည်းလို့ ပြောပါတယ်။ ဒီအခါ တပ်သားကလေးက ဇာဘုရင်ကြီးရဲ့ အမိန့်ပါလို့ ဖြေကြားပါတယ်။ မင်းသားက ကောင်းပြီ။ ငါအခု မင်းကို ပြမယ်ဆိုပြီး ကြာပွတ်နဲ့ရိုက်၍ မတရားညှင်းပန်းနှိပ်စက်နိုင်သမျှ နှိပ်စက်ကာ ရှေ့သို့လှမ်းမယ်ပြုတဲ့အခါ တပ်သားလေးဟာ ဒဏ်ရာအနာတရ ဖြစ်နေတဲ့ အခြေအနေ နဲ့ပဲ ရှေ့မှာပိတ်ရပ်ပြီး၊ မင်းသားလေး ရိုက်နှက်နိုင်သမျှ ရိုက်နှက်ပြီးပါပြီ။ ဒါပေမယ့် မင်းသားရှေ့ကို သွားနိုင်ခွင့် မရှိပါဘူး။ ဇာဘုရင်ရဲ့ အမိန့်ပါလို့ ပြောပြန်ပါတယ်။ ဒီအခါမှာလည်း မင်းသားက ပို၍ပင် ဒေါသထွက်လာကာ ထပ်ပြီးသူ့ကို ရိုက်ပြန်ပါတယ်။ ဒီအခါမှာလည်း သူဟာ ငြင်းဆို၍ ရှေ့တိုးခွင့် မပြုခဲ့ပါဘူး။ ဇာဘုရင်ကြီးက ဒီဖြစ်ရပ် တွေအားလုံးကို မြင်နေခဲ့ပါတယ်။ ဒါ့ကြောင့် ဘုရင်ကြီး ရောက်ရှိလာပြီး မင်းသားကို ဘာကိစ္စကြောင့် ခုလိုခိုက်ရန်ဖြစ်ပွား နေကြရတာလည်းလို့ မေးတဲ့အခါ မင်းသားက သားတော်ကို ဒီနေရာက ရှေ့သို့လာခွင့် မပြုဘူး။ သူဟာ အင်မတန်မှ နိမ့်ကျဆိုးယုတ်တဲ့ တပ်သားပဲ။ သူက ဘာမို့လို့ သားတော်သွားတဲ့လမ်းကို ပိတ်ရမှာလည်းလို့ ပြောပါတယ်။ ဇာဘုရင်က သူက ဘာပြောလို့လဲလို့ မေးပြန်ပါတယ်။ မင်းသားကလဲ ဘုရင့်အမိန့်ရှိ တယ်လို့တော့ ပြောပါတယ်လို့ ဖြေကြားလိုက်ပါတယ်။ ဘုရင်မင်းကြီးက အကယ်၍ အခုလို သူပြောခဲ့ တယ်ဆိုရင်တော့ မင်းဟာ အမိန့်ကို ဖီဆန်တာ ဖြစ်တယ်လို့မိန့်ပြီး ဘုရင်ကြီးက တပ်သားကလေးကို မင်း ဒီကြာပွတ်ကိုယူ၊ ငါ့သားတော်ကို ပြန်ရိုက်လို့ ပြောပါတယ်။ မင်းသားက အရှင်မင်းကြီး၊ ဒီနိုင်ငံတော်မှာ သာမန်တပ်သားတစ်ယောက်က အရာရှိ တစ်ယောက်ကို လက်ရောက်မကျုးလွန်ဖို့ အမိန့်ရှိထားပါတယ်လို့ ပြောပါတယ်။ ဒီအခါ ဇာဘုရင်ကြီးက အဲ့ဒီတပ်သားကလေးကို ဗိုလ်ကြီးအရာကို ပေးပြီး အို-အကြင်အမည်ရှိသူ ဗိုလ်ကြီး၊ အသင်သည် ကြာပွတ်ကို ကိုင်၍၊ ငါ့သားတော်ကို ရိုက်လော့လို့ မိန့်ကြားလိုက်ပါတယ်။ မင်းသားကလည်း အို - အရှင်မင်းကြီး၊ ဗိုလ်ကြီးကလည်း မိမိရဲ့ အထက်အရာရှိ (ဝါ) ဗိုလ်ချုပ်ကြီးကို ရိုက်ပိုင်ခွင့် မရှိပါဘူး။ ဥပဒေ ရှိပါတယ်လို့ ပြောပါတယ်။ ဇာဘုရင်ကြီး ကလည်း အို - ဗိုလ်ချုပ်ကြီး အသင်သည် ကြာပွတ်ကို ကိုင်၍ ငါ၏ သားတော်ကို ရိုက်လော့လို့ ပြောပြန် ပါတယ်။ ဒီအခါမှာ မင်းသားဖြစ်သူက ဒီနိုင်ငံတော်မှာ နောက်ထပ်ဥပဒေပြဌာန်းထားတာ တစ်ခု လည်း ရှိပါသေးတယ်။ အဲ့ဒါက မင်းသားမဟုတ်သူ တစ်စုံတစ်ဦးက မင်းသားဖြစ်သူ တစ်ဦးကို မရိုက်နိုင်ပါဘူးလို့ လျှောက်ထားလိုက်ပါတယ်။ ဒီအခါမှာ ဇာဘုရင်ကြီးက တပ်သားကလေးကို ရည်ညွှန်းပြီး အကြင်အမည်ရှိသူ အို-မင်းသား ကြာပွတ်ကို ဆွဲကိုင်ပြီး ငါ့သားကို ရိုက်လော့။ သူဟာ ငါ့အမိန့်ကို ဖီဆန်ခဲ့တယ်လို့ အမိန့်ရှိလိုက်ပါ တယ်။ ချက်ချင်းတခဏမှာပင် အဲ့ဒိတပ်သားကလေးဟာ မင်းသားဖြစ် သွားခဲ့ပါတယ်။ သူ့ရဲ့ မင်းသား အဖြစ်ရရှိခြင်းကို လုယူနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါဘူး။

တမန်တော်မြတ်ကြီး မူဟမ္မဒ်သခင်(ဆွ) အား ဇာဘုရင်ထံ ရှိခဲ့တဲ့ အခွင့်အာဏာ မျိုးကိုတောင် အသင်တို့အနေနဲ့ မပေးလိုကြဘူးလား။ ရုရှနိုင်ငံတော်ကြီးမှာ ဇာဘုရင်မှာရှိခဲ့ တဲ့ အမိန့်အာဏာ ဂုဏ်သိက္ခာ အဆင့်အတန်းတွေထက် သိန်းသန်းမက မြင့်မားလှတဲ့ အမိန့်အာဏာ ဂုဏ်သိက္ခာအဆင့်အတန်းတွေကို ကျွနု်ပ်တို့ရဲ့ နှစ်ဘ၀ သခင်ကျေးဇူးရှင် ကြီးဖြစ်တဲ့ မဟာတမန်တော်မြတ် မူဟမ္မဒ်သခင်(ဆွ)အား အထက်ကောင်းကင်ယံမှာရော၊ ကမ္ဘာမြေပြင်ပေါ်မှာ ရရှိထားပါတယ်။

ကိုယ်တော်မြတ်ကြီးက အထက်မှာ ဖော်ပြခဲ့တဲ့ ဟဒီးစ်တော်မှာ ပွင့်ပေါ်ရန် ရှိတဲ့ “မဆိဟ်” ကို “နဗီယွလ္လာဟ်” အလ္လာဟ်အရှင်မြတ်၏ တမန်တော်လို့ မိန့်တော်မူလျက် ရှိနေပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မျှသာ မဟုတ်ဘဲ၊ ဟဒီးစ်တစ်ပုဒ်တည်းမှာပင် ထိုပွင့်ပေါ်ရန် ရှိသူကို လေးကြိမ်လေးခါအထိ “နဗီ ယွလ္လာဟ်” ဆိုတဲ့ အနွတ္တသညာဖြင့် သတိတရ မိန့်ကြားတော်မူထားပါတယ်။

အို - ဆန့်ကျင်ငြင်းခုံသူ အပေါင်းတို့။ အကယ်၍ အသင်တို့တွင် ရဲစွမ်း သတ္တိရှိပါလျှင် ဒီဘွဲ့ထူး ဂုဏ်ထူးကို ၎င်းင်းထံမှ လုယူပြကြစမ်းပါ။ အသင်တို့အနေနဲ့ ဒီတံခါးကို ပိတ်လိုကြရင်လည်း ဘယ်လိုများ ပိတ်နိုင်ကြဦးမှာလည်း။ (၁၉၈၅ ခု၊ ဧပြီ (၇) ရက်တွင် ဗြိတိန်နိုင်ငံ၊ တီလ်ဖို့ဒ်မြို့၊ အစ္စလာမ် အာဘာဒ်ကွင်းပြင်တွင် ကျင်းပသော နှစ်ပတ်လည် ဂျလ်ဆာတွင် စတုတ္ထခလီဖတုလ် မဆိဟ်သခင် မိန့်ကြားခဲ့သော နိဂုံးချုပ်မိန့်ခွန်း။)

ထို့အပြင် တစ်ဆက်တည်းမှာပင် ဒဂျာလ် လိမ်လည်သူသုံးဆယ်မျှ ပေါ်ပေါက် မည့် အရေးနှင့် ပတ်သက်၍လည်း “ဆွဟီဟ် မွတ်စလင်မ်ကျမ်း၏ အကျယ်ဖွင့် ကျမ်းဖြစ်သော “အိက်မာလုလ်အိက်မာလ်” ကျမ်းမှ ဖော်ပြထားချက်ကို တင်ပြလိုက် ပါမည်။

““ဤ (အထက်ဖော်ပြပါ) ဟဒီးစ်တော် မှန်ကန်ကြောင်း သက်သေရခဲ့ပြီ ဖြစ်၏။ အကြောင်းမူ အကယ်၍ တမန်တော်မြတ်ကြီး(ဆွ)လက်ထက်မှသည် ယနေ့ထိ ပေါ်ပေါက်ခဲ့သော နဗီတမန်တော်အဖြစ် ကြေညာသူ အတုအယောင်များကို ရည်တွက် ကြည့်ပါလျှင် ဤအရေအတွက် (၃၀) မှာ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေသည်။ ထို့ပြင် ဤအကြောင်းရပ်ကို သမိုင်းလေ့လာသော အကြင်ပုဂ္ဂိုလ်အနေဖြင့် သိရှိနားလည် မည်သာတည်း။”” (၎င်းကျမ်း တွဲ ၇၊ စာ ၂၅၈၊ အီဂျစ်ပြည်ပုံနှိပ်။)

ဤသည်မှာ မှန်ကန်သူ ပွင့်ပေါ်မလာရောက်မီ အလျင်ကပင် အရေအတွက် သုံးဆယ်ပြည့်သွားခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးစွမ်းအားပင် ဖြစ်ပါသည်။ ဖော်ပြပါ အကျယ်ဖွင့်ဆို ရှင်းလင်းချက်ကို “နဝါဘ် ဆစ်ဒီးက်ဟာဆန်ခါးန်” ဆာဟိဘ်ဆိုသူ (အဲဟ်လေဟဒီးစ်ခေါင်းဆောင်) ကလည်း ဤသို့ ထပ်လောင်း၍ ထောက်ခံမိန့်ကြား ခဲ့ပါသည်။

““တမန်တော်မြတ်ကြီး က ဤ “အွမ္မသ်” အတွင်း “ဒဂျာလ်” အတု အယောင်များ လာရောက်မည့်အကြောင်း နိမိတ်ဟောခဲ့သည်တို့မှာ ပြည့်စုံခဲ့ပြီး အရေအတွက်မှာလည်းပြည့်ဝခဲ့ပြီဖြစ်၏။”” (ဟစ်ဂျ ဂျုလ်ကီရာမဟ်၊ စာ - ၂၃၉။)

ဤဖော်ပြပါ အထောက်အထားများအရ ယခုအခါတွင် ဤဟဒီးစ်တော်၏ လင်းပြချက်ဖြင့် မည်သည့် “ဒဂျာလ်နှင့် နဗီအဖြစ် လိမ်လည်လှည့်ဖျား၍ ကြေညာသူ တစ်စုံတစ်ဦးမျှ လာရောက်တော့မည် မဟုတ်ကြောင်းမှာ ပေါ်လွင်ပြီဖြစ်သည်။ အကြောင်း မူ “မဆိဟ်” ပွင့်ပေါ်ရမည့်ကာလ ရောက်ရှိခဲ့ပြီ ဖြစ်သဖြင့် လူလိမ်လူညာ “ဒဂျာလ်” ကိုသာ စောင့်မျှော်ရေတွက်နေစရာ မလိုတော့ဘဲ ပုဂ္ဂိုလ်စစ်၊ ပုဂ္ဂိုလ်မှန်ကိုသာ ရှာရမည့် ကာလ ဖြစ်သောကြောင့်တည်း။


သက်သေပြချက် (င)

ကျွနု်ပ်တို့အား ကန့်ကွက်ပြောဆိုကြသူတို့မှာ အခြား “ဟဒီးစ်” တစ်ပုဒ်ကို တင်ပြ ကြကာ ဤ “ဟဒီးစ်” ရှိပါလျှက် တစ်စုံတစ်ရာ သံသယဖြစ်နိုင်စရာ အဘယ်မှာလျှင် ရှိနိုင်ပါမည်နည်းဟုပင် ဆိုကြပြန်ပါသည်။ ထို့ကြောင့် ဤ “ဟဒီးစ်တော်” ကို အလွန်လျှင် ဖိအားပေး၍ ဤသည့်နောက်တွင် မည့်သည့် “အွမ္မတီနဗီ” တစ်ဦးတစ်ယောက်မျှပင် ပွင့်ပေါ်စရာပြဿနာ မကျန်မရှိတော့ချေဟူ၍ပင် ဆိုကြသေး၏။ ယင်း “ဟဒီးစ်တော်” မှာ -

““သာဝကကြီး အဘူဟူရိုင်ရာ ဆင့်ပြန်သည်မှာ တမန်တော်မြတ်ကြီး(ဆွ) မြက်ကြားတော်မူခဲ့၏။ “ကျွနု်ပ်နှင့် ရှေးတမန်တော်များ၏ ဥပမာကား အလွန်လှပ ခန့်ညားစွာ ဆောက်လုပ်ထားသော အဆောက်အအုံပမာ ဖြစ်၏။ သို့ရာတွင် ယင်း၌ အုတ်တစ်ချပ်နေရာ လှပ်ထားခဲ့ပေသည်။ လူတို့က ယင်းအဆောက်အအုံကို လှည့်ပတ်၍ ကြည့်ရှုကြပြီး ယင်း၏ လှပခန့်ညားမှုကြောင့် အံ့ချီးမဆုံး ရှိကြပေသည်။ သို့သော် ဤအုတ်ချပ်၏ နေရာမှာ အဘယ့်ကြောင့် ချန်ထားခဲ့ရပါသနည်းဟု စိတ်တွင်း၌ မေးခွန်းထုတ်နေကြလေသည်။ သို့ဖြစ်ရာ ယင်းအုတ်ချပ်၏ နေရာကို ဖြည့်စွက်သူမှာ ကျွနု်ပ် (တမန်တော်မြတ်) ပင် ဖြစ်ပါ၏။ ကျွနု်ပ်ကို အကြောင်းပြု၍ ဤအဆောက်အအုံမှာ ပြီးပြည့်စုံခြင်းရှိလျက် လှပသပ္ပါယ်ခြင်း၌ အနှိုင်းမဲ့ ဖြစ်ခဲ့ပေတော့သည်။ ဤသည့် အတွက်ကြောင့်ပင် ကျွနု်ပ်အား “ရစူလ်” တမန်တော်များ၏ “ခါတမ်” အဖြစ်ပြုပေး တော်မူခြင်းကို ခံရလေသည်။ အခြားရေဝါယသ် ဆင့်ပြန်ချက်တစ်ပုဒ်တွင် လာရှိသည်မှာ၊ တမန်တော်မြတ်ကြီးက ထိုအုတ်ချပ်မှာ ကျွနု်ပ်ပင် ဖြစ်ပါ၏။ ထို့ပြင် ကျွနု်ပ်သည် “နဗီ” တမန်တော်များ၏ “ခါတမ်” ဖြစ်ပါ၏ဟု မိန့်ကြားခဲ့သောဟူ၏။””
(ဘူခါရီကီတာဘုလ် မနာကစ်ဗ်)

ခုလို အကြွှင်းမဲ့ပြီးပြည့်စုံပြီး ရှင်းလင်းပြတ်သားလှတဲ့ ကြေညာချက်ကြီး ရဲ့နောက်သော်မှလည်း သံသယပွားစရာ ကျန်ရှိပါဦးမည်လော၊ အကြောင်းမူ နောက်ဆုံး အုတ်ချပ်ကို ထည့်လိုက်ပြီ။ လှပ်နေတဲ့နေရာကို ဖြည့်ပြီး အုတ်စီလိုက်ပြီဆိုမှတော့ “နဗီ” တမန်တော်အသစ်တစ်ပါးပါး သို့မဟုတ် တစ်စုံတစ်ရာသော အမျိုးအစားဖြင့် တမန်တော်တစ်ပါးပါး ပေါ်ထွန်းကြွှရောက်ရန် မည်သို့လိုအပ်ပါဦးမည်နည်းဟု ပြောဆို လျက် ရှိကြ၏။

ထို့ပြင် ယင်းသူတို့က အောက်ပိုင်းမှ အုတ်တစ်ချပ်ကို ဆွဲထုတ်၍ မိုးကောင်းကင်သို့ တင်ပို့လိုက်ပြီး နောက်ဆုံးတွင် ပြန်လည်၍ ချပေးလိုက်လျှင်မူကား ဖြစ်နိုင်၏။ ဤသို့ဖြင့် “နဗီ” တမန်တော်တစ်ပါးတော့ လာနိုင်မည်ဖြစ်၏။ သို့မဟုတ်ဘဲ မည်သို့မျှ ဖြစ်နိုင်ချေမရှိဟူ၍ကား လက်ခံထားကြပေသည်။

သို့ရာတွင် “အလ္လာမာဟ်အစ်ဘနေ့ဟဂျရ်အာစ်ကလာနီ” က ဤဖော်ပြပါ ဟဒီးစ်တော်ကို မည်သို့ ရှင်းလင်းဖွင့်ဆိုကြောင်းကိုလည်း ရှုစားတော်မူလှည့်ပါဦး။

““ဤအဆောက်အဦး ပြီးပြည့်စုံခြင်း၏ သဘောမှာ “ရှရီအသ်မူဟမ္မဒီယာ” (တမန်တော်မြတ် မူဟမ္မဒ်သခင်(ဆွ)အားဖြင့် ချမှတ်တော်မူသော ရှရီအသ်) သည် ရှေးယ ခင်က ရှိခဲ့ပြီဖြစ်သော ပြည့်စုံသည့် ရှရီအသ်များနှင့် နှိုင်းစာလျှင် ပို၍ပြီးပြည့်စုံသော ရှရီအသ်ဖြစ်သော ဟူ၏။”” (ဖတေ့ဟ်ဟုလ်ဘာရီကျမ်း - တွဲ - ၂၊ စာ ၃၈၀)

ထိုမှတစ်ပါး “အလ္လာမာဟ်အိဗ္ဗနေ့ခလ်ဒွန်း” ကလည်း ဖော်ပြပါ “ဟဒီးစ်” တော်ကို ညွှန်း၍ ဤသို့ ရှင်းပြထားခဲ့ပါသည်။ (အိဗ္ဗနေခလ်ဒွန်း၏ ခါတမန်နဗီယီးန်ဖွင့်ဆိုပုံ - click )

““လူတို့က “ခါတမန်နဗီယီးန်”ကို အဆောက်အဦ ပြီးပြည့်စုံခြင်းသို့ရောက်သော ထိုသည့် အုတ်ချပ်နှင့် (ပမာပြု) ရှင်းလင်းတင်ပြကြပေသည်။ သို့ရာတွင် ၎င်း၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်ပေသည်။ ပြီးပြည့်စုံသော “နဗူဝသ်” (တမန်တော်ဖြစ်ခြင်း) ကို ဆွတ်ခူးရယူစေခဲ့သော ထိုနဗီတမန်တော်သည် ခေတ်ကာလအပိုင်းအခြားအားဖြင့် နောက်ဆုံးစွန်ဟူသော အကြောင်းကို ဖော်ပြခြင်း မဟုတ်မူဘဲ ယင်း၏ ဆိုလိုသော သဘောမှာ ပြည့်ဝစုံလင်သော “နဗူဝသ်” (တမန်တော်ဖြစ်ခြင်း) ကို ဆွတ်ခူးရရှိသည့် အကြင်တမန်တော်ကြီးရောက်ရှိပွင့်ပေါ်ခဲ့ပြီဟု ဆိုခြင်းမျှသာဖြစ်၏။”” (မိုကတ်ဒမာဟ် အစ်ဘနေ့ခလ်ဒွန်း၊ စာ ၂၇၁)

တမန်တော်မြတ်ကြီး (ဆွ) သည် တမန်တော်ဖြစ်ခြင်းဆိုင်ရာအစဉ်အဆက်တွင်ဗဟိုချက်မဖြစ်၏။

သို့ဖြစ်ရာ ဖော်ပြပါ ဟဒီးစ်တော်တွင် “ရှရီအသ်” ဓမ္မဥပဒေသ၏ ပြီးပြည့်စုံခြင်း ဘက်သို့ ရည်ညွှန်းခြင်းသာ ဖြစ်ပေသည်။ ဤသို့မဟုတ်မူဘဲ အကယ်၍ ဤ (ဟဒီးစ်တွင်လာရှိသော) ဥပမာပြချက်ကို ယေဘုယျ သဘောကိုသာ ကောက်ယူခဲ့လေ သော် ကျွနု်ပ်တို့၏ နှစ်ဘဝသခင်ကျေးဇူးတော်ရှင်အား လွန်လွန်ကျူးကျူး သိက္ခာကျစေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဆိုလိုသည်မှာ “နဗူဝသ်” တမန်တော်ဖြစ်ခြင်း ဆိုင်ရာ ကြီးကျယ်မြင့်မား အပြောကျယ်လှသော အဆောက် အဦကြီးတွင် ကိုယ်တော် မြတ်ကြီး၏ အဆင့်အတန်းမှာ ““အုတ်တစ်ချပ်မျှသော”” အဆင့်သာ ရှိနေပေ တော့မည်။ (နအူဇိုဘိလ္လဟ် မင်န်ဇာလိက်) အမှန်သော်ကား ကိုယ်တော်မြတ်ကြီး(ဆွ) က

““ကျွနု်ပ်သည် “နဗူဝသ်” (တမန်တော်ဖြစ်ခြင်း) ၏ ဗဟိုအ ချက်အချာ ဖြစ်၏။ ထို့ပြင် ဤကမ္ဘာလောက၏ ဗွေဆော်ဦး တမန်တော်ဖြစ်သော “အာဒမ်” မွေးဖွားလာခြင်း မရှိသေးမီ ကပင် ကျွနု်ပ်သည် “နဗီ” တမန်တော်ဖြစ်၏။”” ဟု မိန့်ထားခဲ့ပါသည်။ ဤသိမ်မွေ့လှသော ဟဒီးစ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်မြတ်ကြီး(ဆွ) ၏ အကြွှင်းမဲ့ ပြီးပြည့်စုံ၍ ကုံလုံပြည့်ဝသော “နဗူဝသ်” (တမန်တော်ဖြစ်ခြင်း)ကို အသင့်ပြင်ဆင်ရန် အလို့ငှာ အခြားအလုံးစုံသော တမန်တော် အပေါင်းကို ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်ကြောင်းနှင့် ကိုယ်တော်မြတ်ကြီးအားဖြင့် အလ္လာဟ်အရှင်မြတ်၏ ဥပဒေပညတ်တရားတော်သည် ပြီးပြည့်စုံခြင်းသို့ ရောက်သည် ဖြစ်ကြောင်း ရည်ညွှန်းဖော်ပြလိုခြင်း ဖြစ်ပေသည်။

ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၇-၂)

No comments: