ဟဒီးဆ်တော်များမှ highlight များ

ဟဒီးဆ်တော်များနှင့်ကိုက်ညီသုံးသပ်ချက်

ကျွန်ုပ်တို့အနေဖြင့် တမန်တော်မြတ်မဟာ (ဆွ) ၏ ၃၃.၄၁ပါ ခါတမန်နဗီယီးန် ဟူသော မဟာဘွဲ့ချီးမြှင့်တော်မူခြင်းခံရသည်နှင့် စပ်လျဉ်းပြီး ၎င်း၏အနက်သဘောမှာ '' အဆက်ပြတ်သူ အညွှန့်တုံးသူ ကျောထောက်နောက်ခံမရှိ ဆက်ခံသူနတ္ထိ အဆုံးသတ် '' စသည့်သဘောမျိုးဖြစ်သော အန္တိမနောက်ဆုံးဘိတ် ဟူ၍မဟုတ်မူဘဲ '' နဗီတမန်တော်တို့၏ ထိပ်ခေါင် ၊ ရစူလ်များ၏ ဥသျှောင် ၊ တမန်တော်အပေါင်း၏ အဓိပတိတမန်တော်ချုပ်ကြီး '' ဟူသော အနက်ထွက်ပါကြောင်း ကျမ်းတော်မြတ်ကုရ်အာန်မှ အထောက်အထားများ၊ ရှာနေနဇူလ် နောက်ခံသမိုင်းနှင့် အာရေဗျဘာသာစကား(စာပေ) နှင့် ဗန်းစကားဆိုင်ရာ သဒ္ဒါနည်းကျရှင်းလင်းချက်များဖြင့် တင်ပြပြီးဖြစ်၍ အပွေးမြင်အပင်သိနိုင်သည့် ကျမ်းမြတ်ကုရ်အာန်ကိုသာ နံပါတ် ၁ နေရာထားကာ မှတ်ကျောက်အဖြစ်ယူဆသော ဉာဏ်စဉ် မာ့အ်ရိဖသ် ရှိကြသူ သူတော်စင် ပုဂ္ဂိုလ်များအနေနှင့် ခြုံငုံသုံးသပ်အဖြေထုတ်နိုင်ခဲ့ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ 'လားနဗီးယာ ဘာအ်ဒီ' ဆိုသည့် ဝေါဟာရအား ဝိဂြိုလ်ပြုရှင်းလင်းခဲ့ခြင်းကို ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း (၇-၁)(၇-၂) နှင့် နောက်ဆက်တွဲ (က) တို့တွင်လည်း ရှုစားနိုင်ကြပါသည်။

အစ္စလာမ်သာသနာဝင်တို့ အစဉ်အလာမပျက် လက်ကိုင်ပြုထားကြသော 'အကယ်၍ ကျွန်ုပ်တို့တွင် အရှင့်ပညတ်တော်များနှင့် စပ်လျဉ်းပြီး တစ်စုံတစ်ရာ ကိစ္စတစ်ရပ်ရပ်၌ ဝိဝါဒကွဲလွဲ ဝိရောဓိဖြစ်ခဲ့ကြပါလျှင် အလ္လာဟ်အရှင်မြတ်နှင့် အာခီရသ်အပေါ် သက်ဝင်ယုံကြည်ကြသော် ထိုကိစ္စကို အလ္လာဟ်အရှင်နှင့် မြတ်ကုရ်အာန်၊ တမန်တော်မြတ်(ဆွ) နှင့်ကိုယ်တော့် ဆွန်နသ်တော် ၊ ဟဒီးဆ်တော်များဘက်သို့လှည့်ကြသည့် ' ကောင်းမြတ်ခြင်းသာဖြစ်သကဲ့သို့ ၄း၆၀ အလ္လာဟ်အရှင် (ဝါ) မြတ်ကုရ်အာန်အားဖြင့် အဖြေထုတ်ခဲ့ပြီးဖြစ်ပါသဖြင့် ယခုတမန်တော်မြတ်(ဆွ)မိန့်မှာခဲ့သော ဟဒီးဆ်တော်များ၏ လင်းပြမှုကို ခံယူကြကာ တရားလမ်းမှန်ရှာကြပါစို့။

၁) ကျွန်ုပ်တို့၏ နှစ်ဘဝသခင် ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ်(ဆွ)၏ ရင်နှစ်သည်းချာသားလှရတနာ အစ်ဗရာဟင်မ်သခင်လေး သည် ဟစ်ဂျရီ (၈) တွင်ဖွားမြင်သန့်စင်ခဲ့ပါသည်။ (ဇုရ်ကာရီနှင့် တာရီခုလ်ခမီးဆ်သမိုင်းကျမ်းကြီးများရှု)

ုသခင်လေးတစ်နှစ်ခွဲခန့်အရွယ်၌ အရှင့်အမိန့်ခံ ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ ထို့သို့ကွယ်လွန်လေသော် ကိုယ်တော်မြတ်(ဆွ)မှာ ဝမ်းနည်းပူဆွေးတော်မူလျက် ဒပ္ဖနာပြုနေစဉ် 'လောင်ဝ်အားရှာ အစ်ဗရာဟီးမာ လကားနာ ဆွီဒ်ဒီးကန် နဗီယာန်' ၊ အကယ်၍သာ ကျွန်ုပ်၏သားတော် (အစ်ဗရာဟင်မ်) အသက်ရှင်လျက်ရှိခဲ့ပါလျှင် မုချအမှန် သစ္စာဝါဒီ တမန်တော်ဖြစ်လိမ့်မည်ဟု မိန့်ကြားခဲ့ပါသည်။
( ဆွဟာဆစ်တာဟ် ကျမ်းစာရင်းဝင် အစ်ဗနေ့မာဂျာဟ်ကျမ်း၊ ကိတာဘုလ် ဂျနာအိဇ်၊ စာ ၁၁၀)

အကျယ် သက်သေပြချက်(က)

ဟစ်ဂျရီ ၁၀၁၄၊ ခရစ် ၁၆၀၅ တွင် ကွယ်လွန်ခဲ့သည့် ဟနဖီများ၏ အေမာမ်ကြီးတစ်ပါးဖြစ်သော အလီအိဗ္ဗနေ့ စူလ်တန် အလ်-ကာရီ (မွလ္လာအလီကာရီ) သခင်ကြီးက _


အကယ်၍ အိဗ္ဗရာဟင်မ်သခင်လေးသာ အသက်ရှင်၍ တမန်တော်တစ်ပါးဖြစ်လာပါမူ ၊ ယင်းသို့ပင် အွမ္မာရ်သည်လည်း တမန်တော်တစ်ပါးဖြစ်လာပါမူ သူတို့အားလုံးသည် အီစာ၊ ခိဒါရ် နှင့် အီလီယာဆ် (အ) တို့ကဲ့သို့ပင် တမန်တော်မြတ်(ဆွ)၏ နောက်လိုက်များသာဖြစ်ချိမ့်မည်။ ဤသည် အလ္လာဟ်အရှင်မြတ်ကကိုယ်တော်မြတ်(ဆွ) အပေါ်ချီးမြှင့်ပေးသနားသည့် ခါတမန်နဗီယီးန် ဟူသည့် ဝေါဟာရနှင့်ဆန့်ကျင်ဘက်မပြုပေ။ အကြောင်းမှာ ယင်း(ခါတမန်နဗီယီးန်) သည် ကိုယ်တော်မြတ်(ဆွ) နောက် ကိုယ်တော်မြတ်ယူဆောင်လာခဲ့သည့် ဥပဒေ(ကျမ်းမြတ်ကုရ်အာန်) ကို ပယ်ဖျက်ရန် တမန်တော်အသစ်တစ်ပါးသော်လည်းကောင်း၊ ကိုယ်တော်မြတ်၏ နောက်လိုက်အစုဝင်ထဲမှ မဟုတ်သည့် တမန်တော်အသစ်တစ်ပါးသော်လည်းကောင်း ပေါ်ပေါက်လာမည်မဟုတ်ဟု ဆိုလိုရင်းဖြစ်သည်။ ( အလ် အဆ်ရာရ် အလ်မာဖူးအား ဖိလ် အက္ကဘာရ် အလ်မောင်ဇူးအား ၊ စာ - ၁၉၂ )

၂) သာဝကကြီး အဘူဟူရိုင်ယာမှဆင့်ပြန်၏။ တမန်တော်မြတ်(ဆွ) မိန့်မှာတော်မူသည်မှာ ပွင့်လတ္တံသော မဆီဟ်(အီစာ) နှင့် ကျွန်ုပ် (တမန်တော်မြတ်) အကြား မည်သည့်တမန်တော် နဗီ တစ်ပါးမျှမရှိချေ။ (ဆွဟာဆစ်တာဟ် ကျမ်းစာရင်းဝင် အဘူဒါဝုဒ်ကျမ်း၊ ကီတာဘုလ်မုလာဟင်မ်၊ ဘာဘ် ခုရူဂျွတ်ဒဂျာလ်)

အကျယ် သက်သေပြချက် (ဂ)

၃) အလ္လာဟ်၏တမန်တော်အီစာ(ဆွလ္လာလ်လားဟို့ အလိုင်းဟိဝစလာမ်) နှင့် သူ၏ ဆွဟာဘာဟ်(ရဒွီယလ္လာဟု အန်နဟူ) တို့ကို ဝိုင်းရံပိတ်ဆို့ထားခြင်းခံရမည်။ အလ္လာဟ်၏ နဗီတမန်တော် အီစာ(ဆွလ္လာလ်လားဟို့ အလိုင်းဟိဝစလာမ်) နှင့် သူ၏ ဆွဟာဘာဟ်(ရဒွီယလ္လာဟု အန်နဟူ) တို့သည် အခက်အခဲဒုက္ခများစွာတို့မှ လွတ်ကင်းလျက် ရန်သူတို့၏ တပ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြလိမ့်မည်။ ထိုမှတပါး အလ္လာဟ်၏ နဗီတမန်တော် အီစာ(ဆွလ္လာလ်လားဟို့ အလိုင်းဟိဝစလာမ်) နှင့် သူ၏ ဆွဟာဘာဟ်(ရဒွီယလ္လာဟု အန်နဟူ) တို့မှာ ဒုတိယအကြိမ် ဒိုအာဆုတောင်းလျက် အလ္လာဟ်ဘက်သို့ အာရုံပြုကြလိမ့်မည်။ ထို့နောက်တဖန် အလ္လာဟ်၏ နဗီတမန်တော် အီစာ(ဆွလ္လာလ်လားဟို့ အလိုင်းဟိဝစလာမ်) နှင့် သူ၏ ဆွဟာဘာဟ်(ရဒွီယလ္လာဟု အန်နဟူ) တို့သည် အခက်အခဲများမှ လွတ်ကင်းလျက် ရန်သူတို့၏ တပ်တွင်းသို့ ဝင်ရောက်သွားကြလိမ့်မည်။* (အလ္လာဟ်အရှင် ကျမ်းတော်မြတ်ကုရ်အာန်၏ နောက်တွင် အမှန်ကန်ဆုံးကျမ်းများအနက် ဒုတိယအဆင့်ရှိပြီး ဆွဟာဆစ်တာဟ်ကျမ်းစာရင်းဝင် ဆွဟီဟ်မုစ္စလင်မ်ကျမ်း ၊ ကိတာဘုလ်ဖတန်၊ ဘာဘ်ဇိကိရွတ်ဒဂျာလ်)

ဤသို့လျှင်ပွင့်ပေါ်ရန်ရှိသော တမန်တော်အီစာ(အ)၏ အနှိုင်းခံပုဂ္ဂိုလ်ဖြစ်သော ကတိတော်လာမဆီဟ် ကိုကျွန်ုပ်တို့တမန်တော်မြတ်ကြီး(ဆွလ္လာလ်လားဟို့ အလိုင်းဟိဝစလာမ်)က လေးကြိမ်လေးခါအထိ နဗီယွလ္လာဟိ ၊ အလ္လာဟ်၏တမန်တော်ဟူ၍ ခေါ်ဆိုထားတော်မူခဲ့ပါသည်။

အကျယ် သက်သေပြချက် (ဃ)

၄) အို-မုစ္စလင်မ်အပေါင်းတို့ အသင်တို့တွင် ဤနဗူဝသ် (တမန်တော်စနစ်) တည်ရှိမည့် ကာလမှာ အလ္လာဟ်အလိုတော်ရှိတော်မူသည်အထိ တည်မည်။ ထို့နောက် ခလီဖွာဟ်စနစ်သည် နဗူဝသ် တမန်တော်စနစ်ကို အခြေခံလျက်တည်မည်။ ထို့မှနောက်တွင် ကာလအတန်ကြာ ပြီးနောက် ဤခလီဖွာဟ်စနစ်သည်လည်း လွင့်ပျောက်သွားလိမ့်မည်။ ၎င်းနောက်တွင် ဘုရင်စနစ်ရောက်လာလိမ့်မည်။ ထိုနောက်တဖန် အတန်ကြာပြီးနောက် ဤစနစ်သည်လည်း ချုပ်ငြိမ်းကာ အဓမ္မပြုခြင်းမှ ရှောင်းရှားသယောင်ရှိလင့်ကစား အများနှင့်ဆန့်ကျင်မည့် ဘုရင်စနစ်တည်ရှိလာမည်။ ထို့နောက် ထိုဘုရင်စနစ်သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ယင်းနောက်မှတဖန် ရှေးကရှိခဲ့သော စနစ်အတိုင်းပင် နဗူဝသ် တမန်တော်စနစ်ကိုအခြေခံသော ခလီဖွာစနစ်တည်ရှိလာလိမ့်မည်။ (မူစနဟ်အဟ်မဒ်ကျမ်း တွဲ ၅၊ စာ - ၄၀၄)


ဤဟဒီးဆ်တော်တွင် Renaissance of Islam အတွက် နဗူဝသ် တမန်တော်စနစ်ကို ပြန်လည်တည်ဆောက်ပြီး ခလီဖွာဟ်စနစ်ဖြင့် ကမ္ဘာတည်သရွေ့ဆက်လက်တည်ရှိစေမည်ဖြစ်ကြောင်း တွေးဆမြော်ခေါ်နိုင်ကြ၏။

၅) - ငါ(ကိုယ်တော်မြတ်) သည် ခါတမုလ် အာန်ဗေယာအ် ဖြစ်သည်။ ထိုနည်းတူ အို-အလီ အသင်သည်လည်း ခါတမုလ်အောင်လေယာအ် ဖြစ်ပေသည်။ ( သဖ်စီရ် ဆွာဖီ၊ ခါတမန်နဗီယီးန်အာယတ်တော် အောက်ခြေမှတ်ချက်)

- ငါ(ကိုယ်တော်မြတ်) သည် ဖခင်ကြီး အာဒမ် ရွံ့မြေဘဝတွင် ရှိခဲ့စဉ်ကာလကတည်းက ခါတမန်နဗီယီးန်ဖြစ်၏။ (မုစနဒ် အဟ်မဒ်ဘင်န် ဟမ်ဘလ်ကျမ်းနှင့် ကန်ဇုလ်အွမ္မလ် ကျမ်း၊ တွဲ ၆၊ စာ ၁၁၂ နှင့် မူဟမ္မဒီယာပါကစ်ဘုခ်၊ ၁၉၃၆ ပုံနှိပ်၊ စာ - ၄၀၂)

၆) ယခုဆက်လက်၍ ကျမ်းမြတ်ကုရ်အာန်၏နောက်တွင် အမှန်ကန်ဆုံးကျမ်းများဟု (၆) ကျမ်းကို ရွေးချယ်သတ်မှတ်ခဲ့ရာတို့မှ နံပါတ်(၁) အဆင့်ရှိသည့် ဆွဟီဟ် အလ်ဘုခါရီ ရှရီဖ်ကျမ်းကြီးကို အာရဗီမူရင်းအတိုင်း ရှုစားတော်မူလှည့်ကြပါ။ ( ကီတာဘုလ်လေဘားဆ် ၊ ဘာဘ် ၄၉၈၊ ခါဝါသီးမွတ်ဇဟဘိ မှ ဘာဘ် ၅၀၉ အလ်ခါသမင်န် နေဆာအိစကားန အလာအာအိရှာသာ ၊ ခါဝါသီမူဇဟဘ )

ဤတွင် ခါ-သ-မ ၏နာမ်အဓိပ္ပါယ် အား တံဆိပ်ပုံ၊ လက်စွပ်တို့နှင့် စပ်လျဉ်း၍သာ ဖွင့်ဆိုဖော်ပြထားပါသည်။



ချစ်မိတ်ဆွေ။

ကိုယ်တော်မြတ်(ဆွ) အထွတ်အထိပ် အပြီးပြည့်စုံဆုံးသောအဆင့်(ဆုံးခန်းတိုင်အဆင့်) ကို ရောက်ရှိခဲ့သည်မှာ သရှ်ရီအီး (ကျမ်းစာရ တမန်တော်) အဆင့်တွင်ဖြစ်ပြီး ကိုယ်တော်၏နောက်တွင် အစ္စလာမ်သာသနာဝင် အွမ္မသ်ထဲမှ ကိုယ်တော်မြတ်(ဆွ)အား ဖဝါးခြေထပ်လိုက်နာမှုကြောင့်၊ ကုရ်အာန်ကျမ်းမြတ်အား လိုက်နာမှုကြောင့် ရရှိနိုင်သည့် ဂိုင်းသရှ်ရီအီ နဗူဝသ်ကား ဆက်လက်တည်တံ့လျက်သာရှိပါသည်။ ထို့ကြောင့် အဆွေသည်လည်း အီစာ(အ) ဒုတိယမ္ပိပြန်လည်ကြွရောက်မည့်အရေးတွင် တမန်တော်အနေဖြင့် ပြန်လာမည်ဖြစ်ပြီး ကုရ်အာန်ကို မျက်မှောက်ပြုလျက် ကိုယ်တော်(ဆွ) နောက်လိုက်အဖြစ် ဖြစ်ကြောင်း ယုံကြည်သလို ကျွန်ုပ်သည်လည်း ထို concept ကိုသာ ထပ်တလဲလဲ တင်ပြနေခြင်းဖြစ်ပါသည်။

- ကန့်ကွက်ငြင်းပယ်မှုကို အလျင်စလိုမပြုပါလင့် ( ၂း၄၁ ရှု)
- အမှန်တရားကို အမှားနှင့်ဒွေးရောယှက်တင်ဖြစ်အောင် မရောနှော်၊ ဖုံးကွယ်ထိန်ချန်မှု မပြုပါလင့်။ (၂း၄၂ ရှု)
- အများယောင်လို့ယောင် တောင်မြောက်မသိဘဲ ရော်ရမ်းမှန်းဆ ချော်လဲရောထိုင် မလုပ်ပါလင့် (၆း၁၁၆ ရှု)
- ရော်ရမ်းမှန်းဆ(ဖြီးဖြမ်း) ကြသူများ၏ ရလဒ်ကား အကျိုးနည်းခြင်းသာတည်း (၅၁း၁၀ ရှု)

ခါတမေနဗူဝသ်နှင့်စပ်လျဉ်း၍ ရှေးပညာရှိတို့၏ လင်းပြချက်များ

No comments: